၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး စောင့်ကြည့်လေ့လာမှု အပြီးသတ် အစီရင်ခံစာ

ယေဘုယျအားဖြင့် ၂၀၁၈ ခုနှစ်ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်မှာ တည်ငြိမ်ချောမွေ့သည်ဟုဆိုနိုင်ပြီး စောင့်ကြည့် လေ့လာခဲ့သည့် မဲဆန္ဒနယ် ၁၂ ခုလုံးတွင် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ထိခိုက်စေသည့် ပြဿနာ ကြီးကြီးမားမားကိုလည်း စောင့်ကြည့်လေ့လာမှုတစ်လျှောက်လုံးတွင် မတွေ့ရချေ။ သို့သော်လည်း မဲဆွယ်စည်းရုံးရေး ကာလ အတွင်း ပါတီအချို့၏ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ (ဥပမာ- စုဝေးဟောပြောမှုကို ဝင်ရောက်နှောင့်ယှက်မှု၊ ပုဂ္ဂိုလ်ရေးဆိုင်ရာ ပုတ်ခတ်ပြောဆိုမှု) နှင့် ပတ်သက်၍ တိုင်ကြားချက်အချို့ ကိုသတင်းမီဒီယာများက သတင်းပေး ပို့မှုများရှိခဲ့ပြီး နေရာအချို့တွင် ရွေးကောက်ပွဲနေ့စီမံခန့်ခွဲမှုနှင့် ပတ်သက်၍ လုပ်ထုံးလုပ်နည်းများနှင့် မညီညွတ်သော ဆောင်ရွက်ချက်အချို့ရှိသည်ကို တွေ့ရှိခဲ့ပါသည်။ ရွေးကောက်ပွဲဖြစ်စဉ်ကို အများပြည်သူ ယုံကြည်မှု ပိုမိုမြင့်မားလာစေရန်အတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အနေဖြင့် နိုင်ငံရေးပါတီများ၊ လွှတ်တော်ကိုယ်စားလှယ်များ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်းကာ ရွေးကောက်ပွဲဖြစ်စဉ်ကြီးတစ်ခုလုံးကို ပြန်လည်သုံးသပ်ပြီး ရွေးကောက်ပွဲ ပြုပြင်ပြောင်းလဲရေးအတွက် လက်တွေ့ကျသော လုပ်ငန်းစဉ် မဟာဗျူဟာများ ရေးဆွဲရန် PACE နှင့် ဖန်တီးအိမ် အဖွဲ့တို့က တိုက်တွန်းပါသည်။ ထို့အပြင် ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှု၊ နိုင်ငံသားများပါဝင်နိုင်မှုနှင့် တာဝန်ခံမှုပိုမိုမြင့်မားလာရေးအတွက် အချို့သော ပြုပြင်ပြောင်းလဲရေးများကို ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ အကောင်အထည်ဖော်ရန်လိုအပ်ပါသည်။

အစီရင်ခံစာ အပြည့်အစုံ ဒေါင်းလုဒ်ရယူရန်