People’s Alliance for Credible Election (PACE) သည် အစိုးရမဟုတ်သော လွတ်လပ်သည့်ပြည်တွင်း ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့် အရပ်ဘက်အဖွဲ့အစည်း ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပြည်သူ ပြည်သားများ၏ အခွင့်အရေးကို ကာကွယ်ခြင်းနှင့် ကိုယ်တိုင် ပါဝင်လှုပ်ရှားလာရေးတို့ကို မြှင့်တင်ခြင်းဖြင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအင်စတီကျူးရှင်းများ ပိုမိုအားကောင်းခိုင်မာလာရေးကို ရည်မှန်းကာ ၂၀၁၃ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲပါသည်။ ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးကို တစ်စိုက်မတ်မတ်လေ့လာပြီး၊ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပြည်သူပြည်သား အားလုံးပါဝင်နိုင်မှုအတွက် ရွေးကောက်ပွဲနှင့် ပြည်သူနီတိဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာ ပြုပြင်ပြောင်းလဲရေး တို့ကို အဓိကထားဆောင်ရွက် သွားမည်ဖြစ်သည်။ PACE သည် လူ့အခွင့်အရေးကို တန်ဖိုးထားပြီး လုပ်ငန်းများကို အကောက်အထည်ဖော် ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဌာန်းချက်များနှင့် အညီ လူမျိုး၊ ဘာသာ၊ ကျား-မ ခွဲခြားမှုမရှိစေပဲ အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပါသည်။

ထို့အပြင် နိုင်ငံပေါင်း (၇၅) နိုင်ငံမှ ဘက်မလိုက်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ပေါင်း (၁၆၀)က သဘောတူ လက်မှတ်ရေးထိုးထားသည့် ” ဘက်မလိုက်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုက်နာရမည့် ကမ္ဘာလုံးဆိုင်ရာ ကြေညာစာတမ်း (Declaration of Global Principles For Nonpartisan Election Observation and Monitoring by Citizen Organizations)” ကို ၂၀၁၄ခုနှစ်တွင် ပါဝင်လက်မှတ်ရေးထိုးထားခဲ့ပါသည်။

ရွေးကောက်ပွဲ စောင့်ကြည့်ခြင်း၊ ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များ ပြုပြင်ပြောင်းလဲရေးနှင့် ပြည်သူ့နီတိ သင်တန်းများ ပို့ချခြင်း စသည့်အစီအစဉ်များကို အကောင်အထည်ဖော်ခြင်းဖြင့် လွတ်လပ်စွာ မဲပေးပိုင်ခွင့်နှင့် အရွေးချယ်ခံပိုင်ခွင့် စသည့်နိုင်ငံသားများ၏ နိုင်ငံရေးအခွင့်အရေးများနှင့် ပြည်သူ့အခွင့်အရေးများကို ကာကွယ်မြှင့်တင်ရန် ရည်မှန်းထားသည်။

PACE သည်နိုင်ငံသားအခွင့်အရေး ပြည့်ဝစွာရရှိရေးနှင့် ပွင့်လင်းမြင်သာ၍ တာဝန်ခံမှုရှိသော ရွေးကောက်ပွဲများ ပေါ်ပေါက်စေရန်အတွက် အောက်ပါ ကဏ္ဍများတွင် လုပ်ကိုင်လျက်ရှိပါသည်။

  • နိုင်ငံသားများ၏ ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်အကဲခတ်ရေး လုပ်ငန်းစဉ်
  • နိုင်ငံသားအခွင့်အရေးနှင့် တာဝန် ပညာပေးလုပ်ငန်းများ (ပြည်သူ့နီတိသင်တန်း)
  • ရွေးကောက်ပွဲဆိုင်ရာ ဥပဒေမူဘောင်များ၊ စည်းမျဉ်းစည်းကမ်းများ၊ လုပ်ထုံးလုပ်နည်းများ ကောင်းမွန်မှန်ကန်ရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်း