skip to Main Content

ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း အကြိုကာလ လေ့လာမှု ကနဦးအစီရင်ခံစာ

 

ချက်ချင်းထုတ်ပြန်ပေးပါရန်။                

ရန်ကုန် ဒီဇင်ဘာ ၁၆

 

နောက်ခံအကျဉ်း

၂၀၁၇ ခုနှစ် နိုဝင်ဘာလ တွင် ပြည်ထဲရေးဝန်ကြီးဌာနသည် ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အုပ်ချူပ်ရေးမှူးများ အသစ်ရွေးချယ်ရန် ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ပါသည်။ အဆိုပါကြေညာချက်အရ ပြည်နယ်/တိုင်းဒေသကြီး အစိုးရများသည် ပြည်နယ်နှင့် တိုင်းဒေသကြီး အားလုံးတွင် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ အသစ်ရွေးချယ်ရန် လိုအပ်မည်ဖြစ်ပြီး  ၂၀၁၈ ဧပြီလ      မတိုင်ခင်  ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးတွင် ရွေးချယ်ပွဲများကို အပြီးကျင်းပမည်ဟု ကြားသိရပါသည်။

 

၂၀၁၆ ခုနှစ် ဒီဇင်ဘာလတွင် ပြည်ထောင်စုလွတ်တော်သည် ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု အုပ်ချုပ်ရေးဥပဒေကို တတိယအ ကြိမ်ပြင်ဆင်​ပြဋ္ဌာန်းခဲ့ရာ ယခုကျင်းပမည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချူပ်ရေးမှူးများ အသစ်ရွေးချယ်ခြင်းသည် အစိုးရသစ်လက် ထက်တွင်  ဥပဒေသစ်အရ ပထမဆုံးအကြိမ် ကျင်းပရမည့်ရွေးချယ်ပွဲများလည်း ဖြစ်ပါသည်။

 

အဆိုပါဥပဒေသစ်အရ ရပ်ကွက်/ကျေးရွာအုပ်စုအသီးသီးတွင်နေထိုင်ကြသော အိမ်ထောင်စုကိုယ်စားလှယ်များ (အိမ်ထောင်စုတစ်စု တွင်တစ်ဦး) သည်ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်ခြင်း အပါအဝင် သက်ဆိုင်ရာ ဆယ်အိမ်မှူးများရွေးချယ်ခြင်း နှင့် ရာအိမ်မှူးများ ရွေးချယ်ခြင်း တို့ကို အများဆန္ဒနှင့် ရွေးချယ်ရမည်ဖြစ်သည်၊ အရွေးချယ်ခံရသည့် ရာအိမ်မှူးများထဲမှ   အုပ်ချုပ်ရေးမှူးလောင်း အဖြစ် ဝင်ရောက်ယှဉ်ပြိုင်မည့် ကိုယ်စားလှယ်လောင်း ရာအိမ်မှူးတစ်ဦးထက်ပိုမိုပါက အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကို ကျင်းပကာ တစ်အိမ်​ထောင်တွင်တစ်ဦးကျဖြင့် အိမ်ထောင်စုကိုယ်စားလှယ်များမှ လျှိုဝှက်မဲပေးခြင်းဖြင့် ရွေးချယ်ပေးရမည်ဖြစ်သည်။

 

ရန်ကုန်တိုင်းဒေသကြီးအတွင်းကျင်းပမည့် ရပ်ကွက်/ကျေးရွာအုပ်စုရွေးချယ်ပွဲများကို စောင့်ကြည့်လေ့လာရန်အတွက် Generation Tree အဖွဲ့သည် ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections- PACE) နှင့် ပူးပေါင်း၍  ပြင်ဆင်မှုများလုပ်ဆောင်ခဲ့ရာတွင်​ မြို့နယ်အုပ်ချုပ်ရေးမှူးရုံးများထံမှ စုံစမ်းရရှိသောသတင်အချက်အလက်များအရ မြို့နယ်အများစုတွင် ကြီးကြပ်ရေးအဖွဲ့ဝင်များ ရွေးချယ်လျက်ရှိပြီး ရွေးချယ်ပွဲများကို ဒီဇင်ဘာလအတွင်း ကျင်းပကြမည်ဖြစ်ကြောင်း ကြားသိရပါသည်။ ထို့ပြင် ရွေးချယ်ပွဲများနှင့်ပတ်သက်၍ အချိန်ဇယားများကို တိတိကျကျကြိုတင်သတ်မှတ်ထားခြင်းများမရှိပဲ၊ ရပ်ကွက်/ကျေးရွာအုပ်စု ပေါ်မူတည်၍  ရွေးချယ်ပွဲများကို သက်ဆိုင်ရာကြီးကြပ်ရေးအဖွဲ့များမှ ၎င်းတို့၏ အစီအစဉ်နှင့်ကျင်းပ ကြမည်ဖြစ်သည်။

 

ထိုကဲ့သို့ ရွေးချယ်ပွဲအချိန်ဇယားများကို တိတိကျကျကြိုတင်မသိရှိနိုင်ခြင်းနှင့် ရန်ကုန်တိုင်းဒေသကြီးတစ်ခုလုံးအတွက် ရွေးချယ်ပွဲ ကျင်းပမည့်နေရာ (မဲရုံစာရင်းများ) အရေအတွက်ကို မသိရှိနိုင်ခြင်းသည် ရွေးချယ်ပွဲများကို စနစ်တကျ စောင့်ကြည့်လေ့လာမှု ပြုလုပ်ရန်အတွက် အဓိကစိန်ခေါ်မှုတစ်ခုပင်ဖြစ်ပါသည်။ သို့ရာတွင် လွတ်တော်ရွေးကောက်ပွဲများကဲ့သို့ပင် ရပ်ကွက်/ကျေးရွာအုပ်စု ရွေးချယ်ပွဲများသည်လည်း ဒီမိုကရေစီကူးပြောင်းရေးလုပ်ငန်းစဉ်၏ အရေးကြီးသော အစိတ်အပိုင်းဖြစ်ရာ ရွေးချယ်ပွဲများ၏​  ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှု နှင့် အားလုံးပါဝင်နိုင်ခွင့် စသည့်အချက်များသည် နိုင်ငံသားအခွင့်အရေးများအတွက် လွန်စွာ အရေးကြီးပါသည်။

 

ထို့ကြောင့် Generation Tree အဖွဲ့သည် PACE အဖွဲ့၏ပူးပေါင်းကူညီမှုဖြင့် ရွေးချယ်ပွဲအကြိုကာလနှင့် ပတ်သက်ပြီး ရန်ကုန်တိုင်း ဒေသကြီးအတွင်း​ ရပ်ကွက်/ကျေးရွာအုပ်စုများ ၏ အခြေအ​​နေကိုခြုံငုံသုံးသပ်နိုင်မည့် လေ့လာစမ်းစစ်မှု စစ်တမ်းတစ်စောင်ကို စေတနာဝန်ထမ်းစစ်တမ်းကောက်ယူသူ ၅၁ ဦးဖြင့် ၂၀၁၇ ခုနှစ် ဒီဇင်ဘာလ ၇ ရက်နေ့မှ ၁၀ ရက်နေ့အတွင်း ကောက်ယူခဲ့ပါသည်။ အဆိုပါလေ့လာစမ်းစစ်မှုတွင် Generation Tree အဖွဲ့သည် ကျပန်းနမူနာရွေးချယ်ထားသော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများမှ သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုအတွင်း နေထိုင်ကြသော ပြည်သူများ၏ ရွေးချယ်ပွဲများနှင့်ပတ်သက်ပြီး သိရှိမှုနှင့်သဘောထားအမြင်များကို တွေ့ဆုံမေးမြန်းခြင်းအပြင်  ရွေးချယ်ပွဲများကို ကြီးကြပ်မည့် အဖွဲ့ဝင်များထံမှလည်း ရွေးချယ်ပွဲများကျင်းပသည့် သတင်းအချက်အလက်များ အပါအဝင် အဖွဲ့ဝင်တစ်ဦးချင်းစီ၏ ကိုယ်ရေးအချက်အလက်အကျဉ်းကို ကောက်ယူခဲ့ပါသည်။

 

ပြည်သူလူထုအားမေးမြန်းရာတွင် ကျပန်းနေရာ နမူနာ ၁၀၀ အတွင်းမှ ရွေးချယ်ပွဲကျင်းပမည့် နေရာ ၈၂ နေရာမှ  အသက် ၁၈ နှစ်ပြည့်ပြီး နိုင်ငံသား ၇၉၇ ဦးကို မေးမြန်းနိုင်ခဲ့သည်။ ကြီးကြပ်ရေးအဖွဲ့အားမေးမြန်းရာတွင်လည်း ကျပန်းနေရာနမူနာ ၁၀၀ အတွင်း မှကြီးကြပ်ရေးအဖွဲ့များရှိသည့် ရွေးချယ်ပွဲကျင်းပပြီးစီးသည့် နေရာများအပါအဝင် နေရာ ၉၂ နေရာတွင် ကြီးကြပ်ရေး ၄၅၀ ဦး၏ ကိုယ်ရေးအချက်အလက်များကိုလည်း ကောက်ယူနိုင်ခဲ့သည်။

 

အဓိကတွေ့ရှိချက်များ

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများသည် ပြည်ထဲရေးဝန်ကြီးဌာန မှကြေငြာချက် ထုတ်ပြန်ပြီး မကြာခင်အချိန်တိုအတွင်း အလျင်အမြန်ကျင်းပသည်ကို တွေ့ရပါသည်။

 

ပြည်သူများကိုမေးမြန်းခြင်း

 

  • ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့် ပတ်သက်၍ ပြည်သူလူထု၏ သိရှိမှုနှုန်းမှာ ၉၁ % ရှိသည်ကိုတွေ့ ရှိခဲ့ရသည်။
  • ကျေးလက်နေပြည်သူများ၏ သိရှိမှုနှုန်းသည် မြို့ပြနေပြည်သူများထက် ပိုမိုမြင့်မားသည်ကိုလည်း တွေ့ရပါသည်။
  • မဲဆန္ဒရှင်ပညာပေးနှင့်ပတ်သက်၍ ၂၇% က မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ မလုပ်ကြောင်းနှင့် ၁၄ % ခန့်က မသိကြောင်း ဖြေဆိုသည်ကို တွေ့ရသည်။
  • ကြီးကြပ်ရေးအဖွဲ့ရွေးချယ်ပွဲများတွင် ၅၀% ကျော်က မပါဝင်ခဲ့ကြောင်းတွေ့ရှိရပြီး၊ သို့ရာတွင် ၇၀% ကျော်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် မဲပေးရန်အစီအစဉ်ရှိကြောင်း တွေ့ရသည်။
  • ကြီးကြပ်ရေးအဖွဲ့၏ သမာသမတ်ကျမှုနှင့်ပတ်သက်၍ ၁၂% က စိုးရိမ်ပူပန်မှုရှိပြီး ၇၄ % ကမူ မည်သည့် စိုးရိမ်ပူပန်မှုမျှ မရှိသည်ကို တွေ့ရသည်။
  • ရွေးချယ်ပွဲများ၏ ပွင့်လင်းမြင်သာမှုနှင့်ပတ်သက်၍ အရပ်ဖက်အဖွဲ့အစည်းများ၏ စောင့်ကြည့်လေ့လာမှုအခန်းကဏ္ဍကို ဖြေဆိုသူ ၅၉%က အပြည့်အ၀အထောက်အကူဖြစ်သည်ဟု ဖြေဆိုကြောင်းတွေ့ရသည်။
  • အိမ်ထောင်စုတစ်စုလျှင် ကိုယ်စားလှယ်တစ်ဦးသာ မဲပေးခွင့်ရှိသည့်စနစ်အစား လူတိုင်းမဲပေးခွင့်ရှိသည့်စနစ်ကို ဖြေဆိုသူ များ၏ ၇၄%က အပြည့်အ၀သဘောတူကြောင်း တွေ့ရှိရသည်။
  • ဖြေဆိုသူအိမ်ထောင်စုများထဲမှ ၉ % သည် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် မဲပေးခွင့်မရကြောင်း တွေ့ရသည်။
  • ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးအဖြစ် ရွေးချယ်ရာတွင် အသက်၃၅နှစ်အထက်အမျိုးသားများသည် အလွန်အဆင် ပြေကြောင်း ဖြေဆိုသည့်ရာခိုင်နှုန်းမှာ အမျိုးသမီးများ နှင့် အသက် ၃၅ နှစ်အောက် အမျိုးသားများထက် သိသိသာသာပိုမို မြင့်မားကြောင်း တွေ့ရှိရသည်။

 

ကြီးကြပ်ရေးအဖွဲ့များကိုမေးမြန်းခြင်း

 

  • Generation Tree မှကောက်ယူရရှိသော ကြီးကြပ်ရေးအဖွဲ့ဝင် ၄၅၀ ဦး၏ ကိုယ်ရေးအချက်အလက်များအရ အမျိုးသမီး ပါဝင်မှုသည် လွန်စွာနည်းပါးပြီး ၆ % သာရှိသည်ကိုတွေ့ရသည်။ ကျေးလက်ဒေသများ၏ ကြီးကြပ်ရေးအဖွဲ့ဝင်များတွင် အမျိုးသမီးပါဝင်မှုနှုန်း ပို၍နည်းပါးပြီး ၃% ကျော်သာ ရှိသည်ကို တွေ့ရှိရသည်။
  • Generation Tree မှကောက်ယူရရှိသော ကြီးကြပ်ရေးအဖွဲ့ဝင် ၄၅၀ ဦး၏ကိုယ်ရေးအချက်အလက်များအရ ၃၅ နှစ်အောက် လူငယ်များပါဝင်မှုသည်လည်း လွန်စွာနည်းပါးပြီး ၁% အောက်သာရှိသည်ကို တွေ့ရသည်။
  • ရွေးချယ်ပွဲအချိန်ဇယားနှင့်ပတ်သက်၍လည်း စစ်တမ်းကောက်ယူသည့် နေရာ ၉၂ နေရာတွင် ၄၈ နေရာ၌ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲကျင်းပမည့်ရက် မသတ်မှတ်ရသေးသည်ကိုလည်း တွေ့ရှိရသည်။
  • ကြီးကြပ်ရေးမှူးများခန့်အပ်ရာတွင်လည်း နေရာတစ်နေရာနှင့်တစ်နေရာ မတူညီကြပဲ အချို့နေရာများတွင် မြို့နယ်အုပ်ချုပ် ရေးမှူး သို့မဟုတ် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက တိုက်ရိုက်ရွေးချယ်ခန့်အပ်သည်ကိုလည်း တွေ့ရှိရသည်။ သို့ရာတွင် နေရာအများစု၌ အိမ်ထောင်စုကိုယ်စားလှယ်များက ရွေးချယ်သည် ကိုတွေ့ရပါသည်။
  • ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ ပါတီနိုင်ငံရေးဆက်စပ်မှုတွင် ၇၂% သည်မည်သည့်ပါတီဝင်မှ မဟုတ်သည်ကိုတွေ့ရသည်။

၂၆ % ခန့်က နိုင်ငံရေးပါတီများမှဖြစ်ပြီး ၂ % ခန့် က၎င်းတို့၏ ပါတီနိုင်ငံရေးဆက်စပ်မှုကို မဖြေဆိုကြပါ။

 

ပြည်သူများကိုမေးမြန်းမှုမှ အသေးစိတ်တွေ့ရှိချက်များ

 

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနှင့်ပတ်သက်၍သိရှိမှု

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများအတွက် ပြည်သူလူထု သိရှိမှုသည် အခြေခံလိုအပ်ချက်တစ်ရပ် ဖြစ်ရာ  ၎င်းအချက်ကိုတိုင်းတာရန်အတွက်  “လက်ရှိ [သင်] နေတဲ့ ရပ်ကွက်/ကျေးရွာအုပ်စုမှာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေး မှူးအသစ်ရွေးချယ်ပွဲတွေ ကျင်းပမယ်ဆိုတာကို သိပါသလား” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏ ၉၁% က “သိပါသည်” ဟု ဖြေဆိုခဲ့သည်။ ဖြေဆိုသူအမျိုးသမီးနှင့် အမျိုးသားများကြားတွင် သိရှိမှုနှင့် ပတ်သက်၍ ကွာခြားချက်မှာ ပြောပြလောက်အောင် မရှိပါ။ သို့ရာတွင် ကျေးလက်ဒေသဖြေဆိုသူများ၏ ၉၈% ခန့်က သိပါသည်ဟု ဖြေဆိုပြီး မြို့ပြဒေသများတွင် ၈၉% ကသာ သိရှိသည်ဟု ဖြေဆိုခဲ့သည်။

ဆက်လက်၍ “သိပါသည်” ဟု ဖြေဆိုသူများအား “ရပ်ကွက်/ကျေးရွာ အုပ်စုအုပ်ချုပ်ရေးမှူးအသစ်ရွေးချယ်ပွဲ ကျင်းပမယ် ဆိုတာကိုဘယ်သူတွေဆီကနေ သိပါသလဲ” ဟု မေးမြန်းခဲ့ရာ ဖြေဆိုသူများ၏ ၆၈% က ရပ်ကွက်ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များ ထံမှသိရှိသည်ဟု ဖြေကြားသည်။ ၁၉% က မိတ်ဆွေသူငယ်ချင်း အိမ်နီးနားချင်းထံမှ သိရှိရသည်။ ၁၈% က ကြီးကြပ်ရေးအဖွဲ့ထံမှ သိရသည်ဟု ဖြေကြားသည်။ ၄% က မိသားစုဝင်များထံမှ သိရှိရပြီး ၃%က အရပ်ဖက်အဖွဲ့အစည်းများထံမှ သိရသည်ဟု ဖြေကြား ပါသည်။

 

မဲဆန္ဒရှင်ပညာပေး

မဲဆန္ဒရှင်ပညာပေးလုပ်ငန်းများသည် ရွေးချယ်ပွဲတစ်ခုအတွက် မဖြစ်မနေလုပ်ဆောင်သင့်သည့် အချက်တစ်ခု ဖြစ်ပေသည်။ ထို့ကြောင့် “ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးရွေးချယ်ပွဲနှင့် ပတ်သက်ပြီး အသိပညာပေး လုပ်ငန်းတွေကို  ဘယ်သူ တွေက လုပ်ဆောင်နေကြပါသလဲ” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏ ၄၃ % က ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးအဖွဲ့ဝင်များမှ ပြုလုပ်သည်ဟု ဖြေဆိုသည်။ ၁၆% က ကြီးကြပ်ရေးအဖွဲ့ဝင်များမှ ပြုလုပ်သည်ဟု ဖြေဆိုပြီး ၃% ခန့်က အရပ်ဖက်အဖွဲ့အစည်းများမှ ပြုလုပ်သည်ဟု ဖြေဆိုသည်။ ဖြေဆိုသူများ၏ ၂၇% ခန့်ကမူ မည်သူမှ မလုပ်ပါဟု ဖြေဆိုခဲ့ပြီး ၁၇ % က မသိပါဟုဖြေဆိုခဲ့သည်။

ဆက်လက်၍  “[သင့်]ရဲ့ ရပ်ကွက်/ကျေးရွာမှာ ဘယ်လို အသိပညာပေးလုပ်ငန်းတွေ လုပ်ဆောင်နေကြတာကို တွေ့ရပါ သလဲ” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏ ၄၂% က အသံချဲ့စက်၊ ၉% က လက်ကမ်းစာစောင်၊ ၈% က ရပ်ရွာအစည်းအဝေးနှင့် ၄% က ပိုစတာများဖြင့် အသိပညာပေးလုပ်ငန်းများလုပ်ဆောင်ကြသည် ဟုဖြေဆိုကြသည်။ ဖြေဆိုသူများ၏ ၂၆% ခန့်ကမူ မည်သည့် ပညာပေးလုပ်ငန်းမှ မရှိပါဟုဖြေဆိုကြသည်။

 

ကြီးကြပ်ရေးအဖွဲ့နှင့်ပတ်သက်သည့်အမြင်သဘောထား

ရွေးချယ်ပွဲများ၏ အရည်အသွေးကို စမ်းစစ်နိုင်ရန်အတွက် ပြည်သူလူထု၏ ရွေးချယ်ပွဲကျင်းပသည့် ကြီးကြပ်ရေးအဖွဲ့ နှင့် ပတ်သက်သောသိရှိမှု အမြင်သဘောထားများသည်လည်း အခရာကျပေသည်။

ထို့ကြောင့် “ ရပ်ကွက်/ကျေးရွာအုပ်စုမှာ အုပ်ချုပ်ရေးမှုးအသစ်ရွေးချယ်ပွဲအတွက် ကြီးကြပ်ရေးအဖွဲ့ရွေးချယ်တုန်းက  [သင်]ပါဝင်ခဲ့ပါသလား” ဟုမေးမြန်းရာတွင် ဖြေဆိုသူများ၏ ၃၂% က ကိုယ်တိုင်ပါဝင်ခဲ့ပါသည်ဟုဖြေဆိုကြပြီး ၁၁% ခန့်က မိသားစု ထဲမှ အခြားသူ တစ်ဦးပါဝင်ခဲ့ပါသည်ဟု ဖြေဆိုကြသည်။ ၅၃% ကမူ မည်သူမှမပါဝင်ခဲ့ပါ ဟုဖြေဆိုကြသည်။

ကျေးလက်နှင့် မြို့ပြဒေသများအကြား  နှိုင်းယှဉ်ချက်အရကျေးလက်မှဖြေဆိုသူများ၏ ၅၁% ခန့်က ပါဝင်ခဲ့ပါသည်ဟု ဖြေဆိုကြပြီး မြို့ပြမှ ဖြေဆိုသူများ၏၂၁% ကသာ ပါဝင်ခဲ့ပါသည်ဟု ဖြေဆိုသည့် အတွက် ကျေးလက်နေပြည်သူများ၏ ပါဝင်မှုသည် မြို့ပြနေပြည်သူများ၏ ပါဝင်မှုထက်ပိုများသည်ကို တွေ့ရသည်။

မပါဝင်ခဲ့ပါဟုဖြေဆိုသူများကို ထပ်မံ၍  “ ဘာဖြစ်လို့မပါဝင်ခဲ့ရတာလဲဆိုတာကို ပြောပြလို့ရမလား ”ဟု မေးမြန်းရာတွင် ဖြေဆိုသူများ၏ ၅၆% က မအားလပ်ဟု၍ဖြေကြားခဲ့သည်။

ဖြေဆိုသူအားလုံးအား “[သင့်] အနေနဲ့ ကြီးကြပ်ရေးအဖွဲ့မှာ ပါဝင်တဲ့ အဖွဲ့ဝင် ၅ ဦး ထဲက အဖွဲ့ဝင်ဘယ်နှစ်ဦးရဲ့ အမည် တွေကို သိပါသလဲ” ဟုမေးမြန်းရာ ၂၅% ကသာ  ၅ ဦးလုံးကို သိပါသည်ဟု ဖြေဆိုခဲ့ပြီး ၅% က ၄ ဦး၊  ၈% က ၃ ဦး၊  ၉%က ၂ ဦး နှင့် ၈% က ၁ ဦး ကို သိပါသည်ဟု ဖြေဆိုခဲ့သည်။ ၄၅% ကမူ မည်သူ့ကိုမှ မသိပါဟု ဖြေဆိုခဲ့သည်။

ထို့ပြင် “ကြီးကြပ်ရေးအဖွဲ့ဝင်တွေအတွက် ဘယ်လိုအရည်အချင်းတွေက အဓိကအရေးအကြီးဆုံးဖြစ်တယ်လို့ [သင့်] အ နေနဲ့ထင်ပါသလဲ” ဟုမေးမြန်းရာ ၃၈% က ရပ်ရွာအကျိုးဆောင်ရွက်သူ၊ ၃၃% က သမာသမတ်ကျခြင်းနှင့် ယုံကြည်ကိုးစားစရာ ကောင်းခြင်း၊ ၁၉ % က ဘက်လိုက်မှုမရှိခြင်း၊ ၁၄% က ထိထိရောက်ရောက်ဆောင်ရွက်နိုင်ခြင်း၊ ၁၁% က ကျွမ်းကျင်မှုရှိခြင်း၊ ၅% က ဥပဒေနှင့် ပက်သတ်၍ နောက်ခံအတွေ့အကြုံရှိခြင်း နှင့် ၁၈% ကမူ မသိပါဟု ဖြေကြားခဲ့သည်။

 

 

 

အရပ်ဘက်အဖွဲ့အစည်းများ၏ စောင့်ကြည့်လေ့လာမှု

Generation Tree အဖွဲ့သည် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများနှင့် ပတ်သက်ပြီး အရပ်ဘက် အဖွဲ့အစည်းများ၏ စောင့်ကြည့်လေ့လာမှု အခန်းကဏ္ဍနှင့် ပတ်သက်၍ ပြည်သူလူထု၏ အမြင်သဘောထားကိုလည်း မေးမြန်း ခဲ့ပါသည်။       “ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှုးရွေးချယ်ပွဲတွေမှာ အရပ်ဘက်အဖွဲ့အစည်းတွေ ပါဝင်စောင့်ကြည့် လေ့လာ တာဟာ ပွင့်လင်းမြင်သာတဲ့ ရွေးချယ်ပွဲတွေဖြစ်လာဖို့အတွက် အထောက်အကူဖြစ်စေတယ်လို့ ထင်ပါသလား” ဟုမေးမြန်းပြီး ၁ သည် အထောက်အကူလုံးဝ မဖြစ်ပါ၊ ၅ သည် အပြည့်အဝအထောက်အကူဖြစ်သည်ဟု ၁ မှ ၅ အတွင်း အဆင့်သတ်မှတ်ခိုင်းရာ  ၅၉% ခန့်က အပြည့်အဝ အထောက်အကူဖြစ်သည်ဟု ဖြေဆိုပြီး ၂% ခန့်ကသာ အထောက်အကူလုံးဝမဖြစ်ပါ ဟုဖြေဆိုသည်။

စိုးရိမ်ပူပန်မှု

ရွေးချယ်ပွဲများအပေါ်ပြည်သူလူထု၏ စိုးရိမ်ပူပန်မှုသည်လည်း  ရွေးချယ်ပွဲများ၏ အရည်အသွေးကိုတိုင်းတာရာတွင် အရေးကြီးသည့်အချက်ပင် ဖြစ်ပါသည်။ ထိုကြောင့် “လာမယ့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲနဲ့ ပတ်သက်ပြီး [သင်] အနေနဲ့ ဘာတွေကို စိုးရိမ်ပူပန်ပါသလဲ” ဟုမေးမြန်းရာတွင် ၇၄ % က မရှိပါဟု ဖြေဆိုခဲ့သည်။ သို့သော် ၁၂% ကမူ ကြီးကြပ်ရေးအဖွဲ့၏ သမာသမတ်ကျမှုကို စိုးရိမ်ပူပန်သည်ဟု ဖြေဆိုခဲ့ပြီး ၈% ခန့်ကမူ အသစ်ရွေးချယ်ခန့်အပ်ခံရမည့် အုပ်ချုပ်ရေးမှုး၏ သမာသမတ်ကျမှုကို စိုးရိမ်ပူပန်သည်ဟု ဖြေဆိုခဲ့ကြသည်။ ရွေးချယ်ပွဲများကို စီမံခန့်ခွဲပုံ၊ မဲပေးပုံပေးနည်းကို မသိခြင်း၊  မဲလိမ်မဲခိုးခြင်း မဲဆွယ်စည်းရုံးရေးပြသနာများ အစရှိသည်တို့နှင့် ပတ်သက်၍ ၁% မှ ၃% အတွင်းကသာ စိုးရိမ်ပူပန်မှု ရှိသည်ကို တွေ့ရသည်။

 

ရပ်ကွက်/ကျေးရွာအုပ်စု ရွေးချယ်ပွဲများတွင်ပါဝင်မှု

ရွေးချယ်ပွဲများအတွက်ပြည်သူလူထု၏ပါဝင်မှုသည်မရှိမဖြစ် လိုအပ်သောအချက်ဖြစ်ပြီး ရွေးချယ်ပွဲဖြစ်စဉ်၏ အရည် အသွေးကို တိုင်းတာနိုင်သည့် အဓိကကျသောအချက်ပင်ဖြစ်သည်။ ထို့ကြောင့် Generation Tree အဖွဲ့သည် ၎င်းအချက်ကို တိုင်းတာ ရန်အတွက် “ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး အသစ်ရွေးချယ်ပွဲမှာရော [သင့်] အိမ်ထောင်စု အနေနဲ့ မဲပေးခွင့်ရမလား” ဟုမေးမြန်းရာ ၈၄% ကရပါသည်ဟု​​ဖြေဆိုခဲ့ပြီး ၉% က မရပါဟု ဖြေဆိုသည်။ ကျေးလက်နှင့် မြို့ပြအကြား နှိုင်းယှဉ်ရာတွင် ကျေးလက်ဒေသမှ ဖြေဆိုသူများ၏ ၉၅% ခန့် က ရပါသည်ဟု ဖြေဆိုပြီး မြို့ပြဒေသမှ ဖြေဆိုသူများ၏  ၈၀%ခန့် က ရပါသည်ဟု ဖြေဆိုကြသည်။

မရပါဟုဖြေဆိုသူများကိုနောက်ဆက်တွဲမေးခွန်းအဖြစ် “[သင့်] အိမ်ထောင်စု မဲပေးခွင့်မရတဲ့  အဓိကအတားအဆီးက ဘာတွေလဲ” ဟုမေးမြန်းခဲ့ရာတွင် ၃၆% က ယာယီနေထိုင်သူဖြစ်လို့ ဟုဖြေဆိုပြီး ၃၅% ခန့်က အိမ်ထောင်စုစာရင်းမရှိလို့ ဟု ဖြေဆိုကာ ၂၂% က အိမ်ထောင်စုစာရင်းက တခြားနေရာမှဖြစ်နေလို့ဟု ဖြေဆိုခဲ့ကြသည်။ ၁၂% ကမူ မဲဆန္ဒရှင်စာရင်းတွင် မိမိအိမ်ထောင်စု ကိုယ်စားလှယ် အမည်မပါရှိခြင်း/ မဲဆန္ဒရှင်စာရင်းမှားယွင်းနေခြင်းကြောင့် ဟုဖြေဆိုခဲ့သည်။

Generation Tree အဖွဲ့သည် ရွေးချယ်ပွဲများတွင်ပြည်သူလူထု၏ပါဝင်ခွင့်နှင့်ပတ်သက်ပြီး လူတိုင်းညီတူညီမျှမဲပေး နိုင်ခြင်း နှင့်ပတ်သက်၍ “ယခု ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူး ဥပဒေအရ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွေမှာ အိမ်ထောင်စုတစ်ခုကို ၁ ယောက်ဘဲ မဲပေးခွင့်ရပါတယ်။ [သင့်] အနေနဲ့ နောင်လာမယ့် ရွေးချယ်ပွဲတွေမှာ လူတိုင်း မဲပေးခွင့်ရသင့်တယ်ဆိုတာကို သဘောတူပါသလား။” မေးမြန်းပြီး သဘောတူမတူနှင့်ပတ်သက်၍ ၁ မှ ၅ အတွင်း အဆင့်သတ်မှတ်ခိုင်းရာတွင် အဆင့် ၅ အပြည့် အဝသဘောတူသည်ဟုဖြေဆိုသူ ၇၄% ထိရှိပြီး  ၆ % ကသာ အဆင့် ၁ လုံးဝ သဘောမတူပါဟု ဖြေဆိုခဲ့သည်။

ဆက်လက်၍ Generation Tree အဖွဲ့သည် ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးဖြစ်လာမည့်သူ နှင့်ပတ်သက်ပြီး လူထုသဘောထားကိုသိရှိနိုင်ရန် “ တကယ်လို့ [သင့်] ရဲ့ ရပ်ကွက်/ကျေးရွာအုပ်စု ရဲ့ အုပ်ချုပ်ရေးမှုးဟာ အခုဖတ်ပြမယ့် လူတွေထဲက တစ်ယောက်ယောက်ဖြစ်ခဲ့မယ်ဆိုရင် ဘယ်လောက်အတိုင်း အတာထိ အဆင်ပြေနိုင်မလဲ” ဟုမေးမြန်းပြီး အောက်ပါအမျိုးအစား များအပေါ် ပြည်သူလူထု၏ သဘောထားကိုမေးမြန်း၍ အဆင်ပြေနိုင်မှုအတိုင်းအတာကို ၁ သည် လုံးဝအဆင်မပြေ၊ ၅ သည် အလွန် အဆင်ပြေသည်ဟု ၁ မှ ၅ အတွင်း အဆင့်သတ်မှတ်ခိုင်းရာ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးသည် –

  • အသက် ၃၅ နှစ် အထက်အမျိုးသားဖြစ်ပါက ဖြေဆိုသူများ၏  ၇၀% က အလွန်အဆင်ပြေသည်ဟု ဖြေဆိုကြပြီး ၆% ကသာ လုံးဝအဆင်မပြေပါဟုဖြေဆိုသည်။
  • အသက် ၃၅ နှစ် အထက်အမျိုးသမီးဖြစ်ပါက ဖြေဆိုသူများ၏ ၃၅ % က အလွန်အဆင်ပြေသည်ဟု ဖြေဆိုကြပြီး ၃၀% က လုံးဝ အဆင်မပြေပါဟုဖြေဆိုသည်။
  • အသက် ၃၅ နှစ် အောက်အမျိုးသားဖြစ်ပါက ဖြေဆိုသူများ၏ ၁၈ % က အလွန်အဆင်ပြေသည်ဟု ဖြေဆိုကြပြီး ၄၀% က လုံးဝ အဆင်မပြေပါဟုဖြေဆိုသည်။
  • အသက် ၃၅ နှစ် အောက်အမျိုးသမီးဖြစ်ပါက ဖြေဆိုသူများ၏ ၁၁ % က အလွန်အဆင်ပြေသည်ဟု ဖြေဆိုကြပြီး ၅၃ % က လုံးဝ အဆင်မပြေပါဟုဖြေဆိုသည်။

အထက်ပါဖြေဆိုချက်များနှင့် ပတ်သက်၍ ကျေးလက်နှင့် မြို့ပြ၊ အမျိုးသမီးနှင့်အမျိုးသား ဖြေဆိုသူများကြား ကြီးမားသော ကွာခြား ချက်မရှိသည် ကိုလည်း တွေ့ရှိရပါသည်။

ထို့နောက် “ဒီရက်ကွက်/ကျေးရွာအုပ်စု ရဲ့ အုပ်ချုပ်ရေးမှူးအတွက်  ဘယ်လိုအရည်အချင်းတွေက အဓိကအရေးအကြီးဆုံး ဖြစ်တယ်   [သင့်] အနေနဲ့ ထင်ပါသလဲ” ဟုမေးမြန်းရာ ၃၀% က သမာသမတ်ကျခြင်းနှင့် ယုံကြည်ကိုးစားစရာကောင်းခြင်းဟု ဖြေဆိုသည်။ ၁၈ % က ရပ်ရွာအကျိုးဆောင်ရွက်သူ၊ ၁၁ % က ကျွမ်းကျင်မှုရှိခြင်း၊ ၈ % က ထိထိရောက်ရောက် ဆောင်ရွက်နိုင်ခြင်း၊ ၆% က ဘက်လိုက်မှုမရှိခြင်း နှင့် ၃% က ဥပဒေနှင့် ပတ်သက်၍ နောက်ခံအတွေ့အကြုံရှိခြင်းတို့သည် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး တစ်ဦးအတွက် အဓိကအရည်အချင်းများဖြစ်သည်ဟု ဖြေဆိုကြသည်။

 

မဲပေးခြင်းအစီအစဉ်

          ရပ်ကွက်/ကျေးရွာအုပ်စုရွေးချယ်ပွဲများတွင် ပြည်သူလူထု၏ မဲပေးခြင်းနှင့် ပတ်သက်၍သုံးသပ်ရန်အတွက် Generation Tree အဖွဲ့သည် “[ သင့် ] အိမ်ထောင်စုအနေနဲ့ အခုဖတ်ပြမယ့်ရွေးချယ်ပွဲတွေထဲက တစ်ခုခု မှာ  မဲပေးဖို့ အစီအစဉ်ရှိပါသလား” ဟုမေးမြန်းရာတွင် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲအတွက် ၇၄% ၊ ရာအိမ်မှူးရွေးချယ်ပွဲအတွက် ၄၅%၊ ဆယ်အိမ်မှူးရွေးချယ်ပွဲအတွက် ၅၀ %၊ ကျေးရွာတာဝန်ခံရွေးချယ်ပွဲအတွက် ၉ % နှင့် မဲပေးရန်အစီအစဉ်မရှိပါဟု ဖြေဆိုသူ ၁၀ % ရှိကြောင်းတွေ့ရှိရပါသည်။

ဆက်လက်၍ မဲပေးရန်အစီအစဉ်ရှိသည်ဟုဖြေဆိုသူများကို“ဒါဆိုရင်  အိမ်ထောင်စုထဲက ဘယ်သူမဲသွားပေးမယ် ဆိုတာ ပြောပြလို့ရမလား” ဟုမေးမြန်းရာ ၇၂% က ကိုယ်တိုင်သွားပေးမည်ဟု ဖြေဆိုပြီး ၂၃% ကအခြား အိမ်ထောင်စုဝင်များ သွားရောက် မဲပေးမည်ဟုဖြေဆိုသည်။ ဖြေဆိုသူ အမျိုးသားများထဲမှ ၈၀% သည် ကိုယ်တိုင် မဲသွားပေးမည့်ဟု ဖြေဆိုပြီး အမျိုးသမီးများထဲကမူ ၆၃% ကသာ ကိုယ်တိုင်မဲသွားပေးမည်ဟု ဖြေဆိုသည်။

ထို့ပြင် “[သင့်] အိမ်ထောင်စုအနေနဲ့  ဘာကြောင့် မဲသွားပေးရတယ် ဆိုတာကို ပြောပြလို့ရမလား” ဟုမေးမြန်းရာ ၃၂ % က ရပ်ရွာဖွံ့ဖြိုးတိုးတက်ချင်လို့ ၊ ၂၀% က နိုင်ငံသားတစ်ယောက်ရဲ့တာဝန်ဖြစ်လို့ ၊ ၁၄% က အပြောင်းအလဲဖြစ်ချင်လို့ ၊ ၈ % က မိမိ

ကြိုက်နှစ်သက်သူပါဝင်လို့၊ ၅ % က ရပ်ရွာပြသနာတွေကို ဖြေရှင်းဖို့၊ ၄ % ခန့်က မဲပေးနေကျဖြစ်လို့၊ ၃ % ခန့်က အရင် အုပ်ချုပ ရေးမှူးကို မကြိုက်လို့ နှင့် ၂% ခန့်က ကိုယ်စားလှယ်လောင်းကို ယုံကြည်လို့ဟု ဖြေဆိုခဲ့ကြသည်။

“ဘယ်နေရာမှာမဲသွားပေးရမယ်ဆိုတာသိပါသလား” ဟုမေးမြန်းရာ ၆၄% က သိပါသည်ဟုဖြေဆိုပြီး ၃၆%က မသိပါ ဟုဖြေဆိုကြသည်။

 

ကြီးကြပ်ရေးအဖွဲ့များကိုမေးမြန်းမှုမှ အသေးစိတ်တွေ့ရှိချက်များ

Generation Tree အဖွဲ့ သည် ကျပန်းနမူနာရွေးချယ်ထားသော စစ်တမ်းနေရာ ၁၀၀ တွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၉၂ နေရာ ကသာ ကြီးကြပ်ရေးအဖွဲ့  ၉၂  ဖွဲ့မှ အဖွဲ့ဝင်များအား တွေ့ဆုံမေးမြန်းနိုင်ခဲ့ပါသည်။ စစ်တမ်းနေရာ ၃ နေရာတွင် ရွေးချယ်ပွဲများ လုံးဝမပြုလုပ်သည်ကို တွေ့ရပြီး၊ တခြား ၂ နေရာတွင် ကြီးကြပ်ရေးအဖွဲ့ကို ဖျက်သိမ်း၍ ရွေးချယ်ပွဲများအား ခေတ္တဆိုင်းငံ့ထားသည်။ တွေ့ရပါသည်။ ကျန် ၂ နေရာသည်လည်း အိမ်ခြေနည်းပါးပြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရုံးမစိုက်သည့်အပြင် တွေ့ဆုံ မေးမြန်းနိုင်ခဲ့သော ရပ်ကွက်/ကျေးရွာအုပ်စုများတွင် အကျုံးဝင်သဖြင့် ထည့်သွင်းမေးမြန်းခြင်း မပြုခဲ့ပါ။ နေရာ ၁ နေရာတွင်မူ ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦးစလုံးမှ ဖြေဆိုခြင်းမရှိခဲ့ပါ။ ၉၂ ဖွဲ့မှအဖွဲ့ဝင်စုစုပေါင်း ၄၆၀ ၏ ကိုယ်ရေးအချက်အလက်အကျဉ်းကို ရယူရာတွင်လည်း ငြင်းဆန်သူများရှိသဖြင့် ၄၅၀ ဦး၏ သတင်းအချက်အလက်များကို သာရယူနိုင်ခဲ့ပါသည်။ Generation Tree အဖွဲ့သည် ကြီးကြပ်ရေးအဖွဲ့ဝင် ၅ ဦးစလုံးအား မေးမြန်းခြင်းမပြုဘဲ သတင်းအချက်အလက် အားလုံးအတွက် ကိုယ်စားပြုဖြေဆို နိုင်သူများကိုသာ မေးမြန်းခဲ့သည်။ သို့ရာတွင် ကြီးကြပ်ရေးအဖွဲ့ဝင်များအားလုံး၏ ကိုယ်ရေးအချက်အလက်များရရှိစေရန် အတွက် လိုအပ်ပါက အချို့နေရာများတွင် ကြီးကြပ်ရေးအဖွဲ့ဝင်များ အားလုံးကိုလည်း မေးမြန်းခဲ့သည်။

 

ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ကျင်းပသည့်နေ့ သတင်းအချက်အလက်

Generation Tree အဖွဲ့သည် ကြီးကြပ်ရေးအဖွဲ့များကို သက်ဆိုင်ရာ ရပ်ကွက်/ကျေးရွာအုပ်စုတွင် အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ ကျင်းပမည့်ရက်ကိုမေးမြန်းရာ ၂၃ နေရာတွင် ဒီဇင်ဘာလအတွင်းအပြီးကျင်းပမည်ဖြစ်ပြီး  ၁၇  နေရာတွင်ရွေးချယ်ပွဲ ကျင်းပ ပြီးစီးသွားကြောင်းတွေ့ရှိရသည်။ ၄၈ နေရာတွင်မူ ရွေးချယ်ပွဲကျင်းပမည့် ရက်မသတ်မှတ်ရသေး သည်ကိုတွေ့ရှိရသည်။

၄ နေရာက မသိရှိပါဟုဖြေဆိုသည်။

“ကြီးကြပ်ရေးအဖွဲ့ဝင်တွေကို ဒီရပ်ကွက်/ကျေးရွာအုပ်စုမှာ  ဘယ်လိုခန့်အပ်တာဝန်ပေးခဲ့ပါသလဲ” ဟုမေးမြန်းရာတွင် ၇၅ နေရာတွင် အိမ်ထောင်စုကိုယ်စားလှယ်များကရွေးချယ်သည်၊ဟုဖြေဆိုပြီး ၁၂ နေရာတွင် မြို့နယ်အုပ်ချုပ်ရေးမှုးက တိုက်ရိုက်ခန့် အပ်သည်ဟု ဖြေဆိုသည်ကိုတွေ့ရပါသည်။ ၅ နေရာတွင်မူ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးက တိုက်ရိုက်ရွေးချယ်သည်ဟု  ဖြေဆိုသည်။

“ကြီးကြပ်ရေးမှုးတွေအနေနဲ့ ဒီရပ်ကွက်/ကျေးရွာအုပ်စုအတွင်းမှာ အုပ်ချုပ်ရေးမှုးရွေးချယ်ပွဲအတွက် ပို့ချတဲ့ သင်တန်းကို တက်ရောက်ခဲ့ပါသလား” ဟုမေးမြန်းရာတွင် ၇၆ နေရာက သင်တန်းတက်ရောက်ခဲ့သည်ဟုဖြေဆိုပြီး ၁၁ နေရာက မတက်ရောက်ခဲ့ပါ ဟုဖြေဆိုခဲ့ပါသည်။ ၄ နေရာကမူ သင်တန်းပိုချခြင်းမရှိသေးပါဟုဖြေဆိုပြီး ၁ နေရာတွင်မူဖြေဆိုရန် ငြင်းဆန်ခဲ့သည်။

“ဒီရပ်ကွက်/ကျေးရွာအုပ်စုအတွင်းမှာရော မဲဆန္ဒရှင်တွေအတွက် ပညာပေးလုပ်ငန်းတွေကို ကြီးကြပ်ရေးအဖွဲ့တွေက ဆောင်ရွက်ပါသလား” ဟုမေးမြန်းရာတွင် နေရာ ၆၃ တွင် ဆောင်ရွက်သည်ဟုဖြေဆိုပြီး ၂၉ နေရာတွင် မဆောင်ရွက်ပါဟု ဖြေဆို သည်။

“ဆောင်ရွက်ပါက။ ဘယ်လိုနည်းလမ်းတွေနဲ့ ဆောင်ရွက်ဖို့ စီစဉ်ထားပါသလဲ” ဟုမေးမြန်းရာတွင် ၅၇% ခန့်က အသံချဲ စက် ၂၅% က ရပ်ရွာအစည်းအဝေး၊ ၁၉ % က လက်ကမ်းစာစောင်၊ ၁၄% က ပိုစတာ၊ ၃% က ဖေ့ဘုတ် စာမျက်နှာ၊ ၃% က အသိပညာပေးသင်တန်း စသဖြင့် မဲဆန္ဒရှင်တွေအတွက် ပညာပေးလုပ်ငန်းတွေကို လုပ်ဆောင်ခဲ့သည်ဟုဖြေဆိုပါသည်။ ၁၃% က တစ်အိမ်တက်ဆင်းနှင့်ကိုယ်တိုင်ရှင်းပြခြင်း စသောအခြားနည်းလမ်းများဖြင့်လည်း ဆောင်ရွက်သည်ဟု ဖြေဆိုပါသည်။

    

ကြီးကြပ်ရေးအဖွဲ့များ၏ ကိုယ်ရေးအချက်အလက်

Generation Tree အဖွဲ့သည် ကြီးကြပ်ရေးအဖွဲ့ဝင်များ၏ ကိုယ်ရေးအချက်အလက်အကျဉ်းကို ကောက်ယူခဲ့ရာတွင် ရပ်ကွက်/ ကျေးရွာအုပ်စု ၉၂ ခုမှ တစ်နေရာတွင် အဖွဲ့ဝင်၅ ဦးစီ၏ ကိုယ်ရေးအချက်များကို ကောက်ယူခဲ့ရာ အဖွဲ့ဝင်စုစုပေါင်း ၄၅၀ ဦး ၏ အချက်အလက်များကို ကောက်ယူနိုင်ခဲ့ပါသည်။ ကျန် ၁၀ ဦးမှာမူ အချက်အလက်ဖြေဆိုရန် ငြင်းဆန်ခဲ့ပါသည်။

ကြီးကြပ်ရေးအဖွဲ့၏  အမျိုးသမီး၊ အမျိုးသား ပါဝင်မှု

အမျိုးသမီး အမျိုးသား အမျိုးသမီးရာခိုင်နှုန်း
ကျေးလက်ဒေသများ ၁၇၃ ၃ %
မြို့ပြဒေသများ ၂၀ ၂၅၁ ၇ %
စုစုပေါင်း ၂၆ ၄၂၄ ၆ %

 

 

ကြီးကြပ်ရေးအဖွဲ့၏ အသက်အပိုင်းအခြား

၃၅ နှစ် အထက် ၃၅ နှစ် အောက် ၃၅ နှစ်အောက် ရာခိုင်နှုန်း
အမျိုးသမီး ၂၆
အမျိုးသား ၄၂၁ ၀.၇ %
စုစုပေါင်း ၄၄၇ ၀.၇ %

 

ကြီးကြပ်ရေးအဖွဲ့၏ ပညာအရည်အချင်း

 

မူလတန်း အဆင့် မူလတန်း အောင် အလယ် တန်းအောင် အထက် တန်းအောင် တက္ကသိုလ် ဘွဲ့ရ အခြား ကျောင်းများ
ကျေးလက်ဒေသများ ၇ % ၃၁ % ၃၄ % ၆ % ၆ % ၁၅ %
မြို့ပြဒေသများ < ၁ % ၁၃ % ၃၆ % ၂၀ % ၂၀ % ၄ %
စုစုပေါင်း ၃ % ၂၀ % ၃၅ % ၁၄ % ၁၅ % ၈%

 

မှတ်ချက်။   ။ အတန်းကျောင်းမနေသူ ၁% ခန့်၊ ဖြေဆိုရန်ုငြင်းဆန်သူ ၁ % နှင့် အတတ်သင်သိပ္ပံ/အသက်မွေးဝမ်းကျောင်းကောလိပ် ပြီးစီးသူ ၁ % ခန့် ရှိပါသည်။

 

ကြီးကြပ်ရေးအဖွဲ့၏ ကိုးကွယ်သည့်ဘာသာ

 

ဦးရေ ရာခိုင်နှုန်း
ဗုဒ္ဓဘာသာဝင် ၄၄၀ ၉၇.၈ %
ခရစ်ယာန်ဘာသာဝင် ၀.၉ %
အစ္စလာမ် ဘာသာဝင်များ ၀.၉ %
အခြားဘာသာဝင်များ ၀.၄ %
စုစုပေါင်း ၄၅၀

 

 

 

 

ကြီးကြပ်ရေးအဖွဲ့၏ တိုင်းရင်းသားလူမျိုး

 

ဗမာတိုင်း

ရင်းသား

ကရင်တိုင်း

ရင်းသား

ရခိုင်တိုင်း

ရင်းသား

ချင်းတိုင်း ရင်းသား မွန်တိုင်း ရင်းသား ရှမ်းတိုင်း ရင်းသား အခြား
ရာခိုင်နှုန်း ၉၃ % ၃ % ၁ % < ၁ % < ၁ % < ၁ % ၁ %

 

ကြီးကြပ်ရေးအဖွဲ့၏ ပါတီနိုင်ငံရေးဆက်စပ်မှု

 

ဦးရေ ရာခိုင်နှုန်း
မည်သည့်ပါတီဝင်မှ မဟုတ်ကြ ၃၂၄ ၇၂%
အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ပါတီ ၆၇ ၁၅%
ပြည်ထောင်စုကြံခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ၂၆ ၆%
အခြားပါတီများ ၂၃ ၅ %

 

မှတ်ချက်။    ။ ကျန်အဖွဲ့ဝင် ၁၀ ဦးသည် ၎င်းတို့၏ပါတီနိုင်ငံရေးဆက်စပ်မှု နှင့်ပတ်သက်၍ ဖြေဆိုရန်ငြင်းဆန်ခဲ့ပါသည်။

 

ကြီးကြပ်ရေးအဖွဲ့၏ ယခင်ပါဝင်ခဲ့သောအဖွဲ့အစည်းများ

 

ဦးရေ ရာခိုင်နှုန်း
စီးပွားရေးလုပ်ငန်းရှင် ၂၀ ၄ %
အစိုးရဝန်ထမ်း ၅၈ ၁၃ %
လူမှုရေးအဖွဲ့အစည်း ၁၂၇ ၂၈ %
ဖွံ့-ထောက်အဖွဲ့ ၁၁ ၂ %
ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲ ၁၇ ၄ %
ရပ်ကွက်/ကျေးရွာအုပ်စုအုပ်ချုပ်ရေးအဖွဲ့ ၇၃ ၁၆ %

 

မှတ်ချက်။    ။ ဖြေဆိုသူ ၁၂၉ ဦး သည် မည်သည့်အဖွဲ့အစည်းတွင်မှ မပါဝင်ခဲ့ပါ၊ ၁၅ ဦးကမူဖြေဆိုရန်ငြင်းဆန်ခဲ့ပါသည်။

 

ကြီးကြပ်ရေးအဖွဲ့၏ လက်ရှိအလုပ်အကိုင်

 

ဦးရေ ရာခိုင်နှုန်း
လယ်ပိုင်ရှင် ၁၁၇ ၂၆ %
စီးပွားရေးလုပ်ငန်းရှင် ၁၂ ၃ %
အငြိမ်းစား ၉၈ ၂၂ %
ကိုယ်ပိုင် အလုပ်ကိုင်သူ ၈၉ ၂၀ %
ကုန်သည် ၂၆ ၆ %
အစိုးရဝန်ထမ်း ၁ %
ပရောဖက်ရှင်နယ်(ဆရာဝန်၊ရှေ့နေ၊ အင်ဂျင်နီယာ) ၂ %
စီးပွားရေးလုပ်ငန်း/ကုမ္ပဏီများတွင် လုပ်ကိုင်သူ ၂ %
ဥယျာဉ်ခြံစိုက်ခင်းအလုပ်သမား ၁၇ ၄ %
အလုပ်ကြမ်းသမား ၁၃ ၃ %
အလုပ်မရှိ ၂၆ ၆ %

 

မှတ်ချက်။    ။အခြားလုပ်ငန်းအသီးသီး လုပ်ကိုင်သူများ၏ ရာခိုင်နှန်းများမှာ လုပ်ငန်း တစ်ခုစီအတွက်  ၁% အောက်တွင်သာ ရှိသည်။

 

အကြံပြုချက်များ

 

  • ရွေးချယ်ပွဲများ၏ ပွင့်လင်းမြင်သာမှု နှင့်စီမံခန့်ခွဲမူများကို အများပြည်သူသိရှိနိုင်ရန်အတွက် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ၏ ရွေးချယ်ပွဲအချိန်ဇယားများကို တိတိကျကျကြိုတင်သတ်မှတ်ထားသင့်ပါသည်။
  • ဘက်မလိုက်သော စောင့်ကြည့်လေ့လာမှုများသည်ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ် များ၏ ပွင့်လင်း မြင်သာမှု နှင့် သမာသမတ်ကျမှုကို ဖေါ်ထုတ်ရာရောက်သဖြင့် ရွေးချယ်ပွဲစောင့်ကြည့်လေ့လာမှုနှင့်ပတ်သက်ပြီး သက်ဆိုင်ရာ ဝန်ကြီးဌာနအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများနှင့် ပူးပေါင်း ဆွေးနွေးတိုင်ပင်၍ နည်းဥပဒေများ ပြဋ္ဌာန်းသင့်ပါသည်။

 

  • Generation Tree ၏ တွေ့ရှိချက်အရ ဖြေဆိုသူများ ၇၀% ကျော်က ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲတွင် မဲပေးရန်အစီအစဉ်ရှိကြောင်း ပြောကြားသော်လည်း ကြီးကြပ်ရေးအဖွဲ့ဝင်များရွေးချယ်ရာတွင် ၅၀% အောက်ကသာ ပါဝင်ခဲ့သည်ကို တွေ့ရပါသည်၊ ထိုကြောင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ တွင် လူထုပါဝင်မှုမြှင့်မားစေရန် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများကို ပိုမိုလုပ်ဆောင်သင့်ပေသည်။
  • ကြီးကြပ်ရေးအဖွဲ့များခန့်အပ်ရာတွင် တစ်နေရာနှင့်တစ်နေရာမတူညီမှုများ ရှိနေသည့်အတွက် နည်းဥပဒေလုပ်ထုံးလုပ် နည်းများနှင့်ပတ်သက်၍ တစ်သတ်မှတ်ထဲဖြစ်ရန် တိတိကျကျ ဆောင်ရွက်သင့်ပါသည်။
  • Generation Tree ၏ တွေ့ရှိချက်အရ ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ တွင် လူတိုင်းမဲပေးခွင့်ရ သင့်သည်ကို အပြည့်အဝသဘောတူပါသည်ဟု ဖြေဆိုသူ ၇၄% ထိရှိရာ နောင်လာမည့်ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများတွင် လူတိုင်းမဲပေးခွ့င်ရအောင်လုပ်ဆောင်သင့်ပေသည်။

 

 

စောင့်ကြည့်လေ့လာမှုနည်းစနစ်

မျိုးဆက်သစ်ပင် အဖွဲ (Generation Tree) သည်ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE)၏ ပူးပေါင်းကူညီမှုဖြင့် ရပ်ကွက်/ ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ နှင့်ပတ်သက် ၍ ရွေးချယ်ပွဲအကြိုကာလ၏ အခြေအနေနှင့် ပြည်သူလူထု၏ အမြင်များ ကို လေ့လာစမ်းစစ်မှုပြုရန်အတွက်  စစ်တမ်းကောက်ယူသူ  ၅၁ ကိုသင်တန်းပေး၍  ကျပန်းနမူနာနည်းစနစ်ဖြင့် ရွေးချယ် ထားသော ရပ်ကွက်နှင့် ကျေးရွာအုပ်စု (ဗဟိုကျေးရွာများ)သို့စေလွတ်ပြီး ရွေးချယ်ပွဲကြီးကြပ်သည့်အဖွဲ့များနှင့် တွေ့ဆုံမေးမြန်း ခြင်းများ အပါအဝင်    ရပ်ကွက်/ကျေးရွာအုပ်စု အသီးသီးတွင် နေထိုင်ကြသော မြန်မာနိုင်ငံသား အသက် ၁၈ နှစ်ပြည့်ပြီးသူ အိမ်ထောင်စုဝင်များအား တွေ့ဆုံမေးမြန်းခြင်း တို့ကိုပြုလုပ်ခဲ့ပါသည်။ ဤစစ်တမ်းကောက်ယူမှုတွင်ဘက်လိုက်မှုမရှိသော လေ့လာ စမ်းစစ်မှုတစ်ခုဖြစ်စေရန် နှင့် ရန်ကုန်တိုင်းဒေသကြီး တစ်ခုလုံးကိုခြုံငုံ မိစေရန်အတွက် အောက်ပါနည်းစနစ်များဖြင့် ဆောင်ရွက်ခဲ့ ပါသည်။

 

ပ်ကွက် နှင့်ကျေးရွာအုပ်စုများအား နမူနာကျပန်းရွေးချယ်မှု။   ။ ရန်ကုန်တိုင်းဒေသကြီး၏ ခရိုင်တစ်ခုချင်းစီရှိ ရပ်ကွက်/ ကျေးရွာအုပ်စု အရေအတွက်ပေါ်မှုတည်ပြီး အချိုးအစား တူညီစွာဖြင့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၈၀ အားကျပန်းနမူနာ ရွေးချယ်မှု နည်းလမ်းဖြင့် ရွေးချယ်ခဲ့သည်။ ထို့ပြင်ရန်ကုန်တိုင်းဒေသကြီးတွင် ကျေးရွာအုပ်စုအရေအတွက်သည် ရပ်ကွက် အရေအတွက်ထက် နည်းပါးလွန်းသည့်အတွက် ကျေးရွာအုပ်စုများအတွက် ထပ်ဆောင်းနမူနာ နေရာ ၂၀ ကိုလည်းကျပန်းနမူနာရွေးချယ်ခဲ့ရာ စုစုပေါင်း နေရာ ၁၀၀ ကို ကျပန်းနမူနာအဖြစ်ရွေးချယ်ထားခဲ့သည်။ ထို့သို့ရွေးချယ်ရာတွင် မြန်မာ့သတင်းအချက်အလက်စီမံခန့်ခွဲမှုဌာန (MIMU) အင်တာနက်စာမျက်နှာမှ ရရှိသော ရန်ကုန်တိုင်းဒေသကြီး၏ ရပ်ကွက် နှင့်ကျေးရွာအုပ်စုများစာရင်းကို အသုံးပြုခဲ့သည်။ ကြီးကြပ်ရေးအဖွဲ့ဝင်များကို တွေ့ဆုံမေးမြန်းရမည်ဖြစ်သဖြင့် ကျေးရွာအုပ်စုများအတွက် ကျေးရွာအုပ်စုများ၏ ဗဟိုကျေးရွာများ ကိုသာ ကျပန်းနမူနာအဖြစ် သတ်မှတ်ပါသည်။

 

အိမ်ထောင်စုများကို ကျပန်းရွေးချယ်ခြင်း။   ။ သင်တန်းပေးလေ့ကျင့်ထားသည့်စစ်တမ်းကောက်ယူသူများသည် စတင်ရမည့်နေရာ အဖြစ် ကျပန်းသတ်မှတ်ထားသောနေရာမှစ၍ ညွန်ကြားထားသောနည်းလမ်းများအတိုင်းလမ်းလျှောက်ကာ လမ်းဘေးဝဲယာမှ နေအိမ်များကို ရေတွက်ခြင်းဖြင့် တွေ့ဆုံမေးမြန်းမည့် အိမ်ထောင်စုများကို ရွေးချယ်ခဲ့ပါသည်။ စစ်တမ်း ကောက်ယူသူများသည် ကျေးလက် ဒေသများ (ကျေးရွာများ) တွင် ၁၀ လုံးမြောက် နေအိမ်တိုင်းနှင့် မြို့ပြဒေသများ (ရပ်ကွက်များ) တွင်  ၂၀ လုံးမြောက် နေအိမ်တိုင်းကို ရွေးချယ်ခဲ့သည်။

 

ဖြေကြားမည့်သူကို ကျပန်းရွေးချယ်ခြင်း။   ။ အိမ်ထောင်စုတစ်ခုကိုရွေးချယ်ပြီးသည့်အခါ သင်တန်းပေး လေ့ကျင့်ထားသည့် စစ်တမ်းကောက်ယူသူများသည် အဆိုပါအိမ်ထောင်စုမှ (အမျိုးသား နှင့် အမျိုးသမီးတစ်လှည့်စီ) မြန်မာနိုင်ငံသား အသက် ၁၈ နှစ်ပြည့်ပြီးသူ အိမ်ထောင်စုဝင် တစ်ဦးကို မဲနှိုက်သည့် စနစ်ဖြင့် ကျပန်းရွေးချယ်ခဲ့ကြသည်။ စစ်တမ်းကောက် ယူသူများကို ရပ်ကွက်/ ကျေးရွာအုပ်စု (ဗဟိုကျေးရွာ) နေရာတစ်ခုချင်းစီတွင် ဖြေဆိုသူ (၁၀) ဦးကို မေးမြန်းရန် တာဝန်ပေးအပ် ထားပါသည်။ ထို့ပြင် စစ်တမ်း ကောက်ယူသူများသည် ရပ်ကွက်/ကျေးရွာအုပ်စု၏ ကြီးကြပ်ရေးအဖွဲ့ကိုလည်း တွေ့ဆုံမေးမြန်း ရမည်ဖြစ်ပါသည်။

 

ခွဲခြမ်းစီစစ်ခြင်း။   ။ ရွေးချယ်ပွဲအကြိုကာလစစ်တမ်းဖြစ်သည့်အတွက် ရွေးချယ်ပွဲကျင်းပပြီးစီးသည့်နေရာများနှင့် မကျင်းပသည့်နေ ရာစုစုပေါင်း ၁၇ နေရာအားဖယ်ထုတ်ပြီး ကျန်နေရာ ၈၃ နေရာမှကောက်ယူရရှိသော အချက်အလက်များ ကိုခွဲခြမ်း စီစစ်နိုင်ခဲ့ပါသည်။  စစ်တမ်းကောက်ယူမှုအရ  Generation Tree မှစစ်တမ်းကောက်ယူသူများသည်  မြန်မာနိုင်ငံသား အသက် ၁၈ နှစ်ပြည့်ပြီးသူ အိမ်ထောင်စုဝင် ၇၉၇ ဦးကို တွေ့ဆုံမေးမြန်းနိုင်ခဲ့ပြီး ကြီးကြပ်ရေးအဖွဲ့  ၉၂ ဖွဲ့ ကိုလည်း တွေ့ဆုံမေးမြန်းကာ ရွေးချယ်ပွဲများ နှင့်ပတ်သက်ပြီးသတင်းအချက်အလက်များအပါအဝင် အဖွဲ့ဝင် ၄၅၀ ဦး ၏ ကိုယ်ရေးသတင်းအချက်အလက်များကို မှတ်တမ်းပြုစုပြီး ခွဲခြမ်းစီစစ်နိုင်ခဲ့ပါသည်။ ခွဲခြားစီစစ်ချက်များ၏ ရလာဒ်များအရ မှားယွင်းနိုင်ခြေကိန်းဂဏာန်းများမှာ ၃.၈% ဖြစ်ပြီး မြို့ပြနှင့် ကျေးလက်ဒေသကြား ကွာခြားမှုများကို နှိုင်းယှဉ်ရာတွင် ၅.၇% နှင့် အမျိုးသမီးနှင့် အမျိုးသားကြား ကွာခြားမှုများ ကို နှိုင်းယှဉ်ရာတွင် ၅.၄ % ခန့်စီ ရှိနိုင်ပါသည်။

 

အဖွဲ့အစည်းနောက်ခံအကျဉ်း

Generation Tree အဖွဲ့ ကို ၂၀၁၃ခုနှစ် ဇွန်လ၌ အရပ်ဖက်အဖွဲ့အစည်းအသီးသီးတွင် တက်ကြွစွာတာဝန်ထမ်းဆောင်ခဲ့သော အမျိုးသမီးခေါင်းဆောင်၅ဦးမှ စတင်ဖွဲ့စည်းတည်ထောင်ခဲ့သည်။ မတူကွဲပြားခြားနားသော နောက်ခံအဖွဲ့အစည်း၊ ဘာသာ၊ လူမျိုး၊ ယဉ်ကျေးမှု့တို့ဖြင့် ပေါင်းစပ်ဖွဲ့စည်းထားသော Generation Tree သည် မတူကွဲပြားမှု့များကြားမှ ဒီမိုကရေစီအသွင် ကူးပြောင်းရေးနှင့် လူမှုဘ၀ဖွံ့ဖြိုးတိုးတက်ရေးအတွက် အင်အားတစ်ခုကို အခိုင်အမာတည်ဆောက်နိုင်ခဲ့သော အမျိုးသမီး အဖွဲ့အစည်း တစ်ခုဖြစ်ပါသည်။

Generation Tree အဖွဲ့သည် ဒီမိုကရေစီအသွင်ကူးပြောင်းရေးဖြစ်စဉ်တွင် အမျိုးသမီးများနှင့် လူငယ်များ၏တက်ကြွစွာ ပါဝင်လာနိုင်စေရန် စွမ်းရည်မြှင့်တင်ရေး အသိပညာပေးသင်တန်းများ၊ လုပ်ငန်းစဉ်များကို အစဉ်တစိုက် လုပ်ဆောင်လျှက်ရှိပါသည်။

Generation Tree သည် စတင်တည်ထောင်ပြီးချိန်မှစ၍ ရန်ကုန်တိုင်းဒေသကြီး၊ မန္တလေးတိုင်းဒေသကြီး၊ မွန်ပြည်နယ်နှင့် ရှမ်းပြည်နယ်တို့တွင် ရွေးကောက်ပွဲဆိုင်ရာအသိပညာပေးလုပ်ငန်းစဉ်များ၊ နိုင်ငံသားကောင်းအသိပညာပေးလုပ်ငန်းစဉ်များနှင့် ကျား/မ တန်းတူညီမျှရေး လုပ်ငန်းစဉ်များကို ယနေ့ထိတိုင် စဉ်ဆက်မပြတ်ဆောင်ရွက်လျှက်ရှိပါသည်။

 

 

ဆက်သွယ်ရန်

မပန်းအိခင် (ဖုန်း-၀၉ ၉၅၁၀ ၅၇၈၈၂)

မဆွေမာဦး(ဖုန်း-၀၉ ၂၅၄ ၁၃၇ ၆၅၂)

Back To Top