၂၀၁၇ ခုနှစ် ဧပြီလ ၂ ရက်၊ ရွေးကောက်ပွဲနေ့ ကနဦးအစီရင်ခံစာ

ကြားဖြတ်ရွေးကောက်ပွဲ နိုင်ငံရေးအခင်းအကျင်း

ရန်ကုန် ဧပြီ ၂

၂၀၁၆ ခုနှစ် ဇွန်လတွင် ပြင်ဆင် အတည်ပြုခဲ့သော လွှတ်တော်ရွေးကောက်ပွဲဥပဒေများအရ  လွှတ်တော်ကိုယ်စားလှယ်နေရာ လစ်လပ် ကြောင်း လွှတ်တော်ဥက္ကဌက ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သို့ လွှတ်တော်၏ ပထမသက်တမ်းအတွင်း အကြောင်းကြားပါက ကြားဖြတ်ရွေးကောက်ပွဲများကို တစ်နှစ်အတွင်းကျင်းပပြီး ရွေးကောက်တင်မြှောက်ပြီးဖြစ်ရန် လိုအပ်ပါသည်။ လွှတ်တော်အသီးသီး၏ အကြောင်းကြားချက်အရ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်သည် လက်ရှိ လစ်လပ်လျှက်ရှိသော ကိုယ်စားလှယ် နေရာ ၃၁ နေရာ အနက် ၁၉ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများ ကျင်းပပြုလုပ်မည်ဖြစ်ကြောင်းကြေညာခဲ့သည်။ ကျန်ရှိနေသေးသော လစ်လပ် နေရာများအတွက်ကိုမူ ကြားဖြတ်ရွေးကောက်ပွဲကျင်းပနိုင်ခြင်းမရှိသေးချေ။

ယခုကြားဖြတ်ရွေးကောက်ပွဲသည် သမ္မတ ဦးထင်ကျော် ခန့်အပ်တာဝန်ပေးထားသည့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်  အနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဦးဆောင်သည့် အစိုးရအဖွဲ့  အာဏာလွဲပြောင်းရယူအပြီး တစ်နှစ်တိတိအကြာတွင် ပြုလုပ်သော ပထမ ဆုံး ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုဖြစ်ပါသည်။ ၂၀၁၅ ရွေးကောက်ပွဲအပြီး နောက်ပိုင်းတွင် ရွေးကောက်ပွဲဖြစ်စဉ်အတွင်း တိုးတက်မှုများ ရှိလာသည်ကို PACE အဖွဲ့နှင့် အခြားရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အဖွဲ့များက မြင်တွေ့ခဲ့ကြပါသည်။ သိသာထင်ရှားပြီး အရေးပါသော ပြောင်းလဲမှုများမှာ တိကျသော ရွေးကောက်ပွဲလုပ်ငန်းစဉ်အချိန်စာရင်း နှင့် မဲရုံစာရင်းအသေး စိတ်တို့ကို အများပြည်သူ သိရှိနိုင်စေန် ထုတ်ပြန်ကြေညာခဲ့သည့်အပြင် ကြိုတင်မဲပေးခြင်းဖြစ်စဉ်ကို စောင့်ကြည့်လေ့လာသူများအား စောင့်ကြည့်ခွင့်ပြုခဲ့ခြင်း တို့ပင်ဖြစ်ပါသည်။ အချို့သောဥပဒေများနှင့် စီမံခန့်ခွဲမှုဆိုင်ရာလုပ်ထုံးလုပ်နည်းများတွင် တိုးတက်မှုများ ရှိလာသော်လည်း ၂၀၂၀ အထွေ ထွေရွေးကောက်ပွဲမတိုင်မှီ ရွေးကောက်ပွဲဥပဒေမူဘောင်များတွင် ပြင်ဆင်မှုများ၊  ပြန်လည်သုံးသပ်ဆွေးနွေးမှုများ ပြုလုပ်ရန်လိုအပ် လျှက်ရှိပါသည်။

လစ်လပ်လျှက်ရှိသော ကိုယ်စားလှယ်နေရာများ၏ အရေအတွက်သည် လွှတ်တော်များ၏ အာဏာချိန်ခွင်လျှာကို ပြောင်းလဲနိုင်ရန် အတွက် အရေအတွက်နည်းပါးသော်လည်း ယခုကြားဖြတ်ရွေးကောက်ပွဲသည် အာဏာရပါတီအတွက် အရေးပါသော နိုင်ငံရေးဖြစ်စဉ် တစ်ရပ်ပင်ဖြစ်သည်။ ပါတီငယ်များနှင့် ဗမာမဟုတ်သည့် အခြားတိုင်းရင်းသားပါတီများအတွက်မူ ပြည်သူများနှင့် ထိတွေ့ဆက်ဆံ မှုများပြုလုပ်ရန် အခွင့်အလမ်းတစ်ခုလည်းဖြစ်ပါသည်။ ထို့အပြင် ယခုကြားဖြတ်ရွေးကောက်ပွဲသည် ၂၀၁၅ အထွေထွေ ရွေးကောက်ပွဲ တွင် မဲပေးခွင့်မရရှိခဲ့ကြသည့် ရှမ်းပြည်နယ်အတွင်းရှိ မဲဆန္ဒနယ်များမှ ပြည်သူများကို နိုင်ငံ၏ဒီမိုကရေစီဖြစ်စဉ်၌ အရေးပါသော အစိတ်အပိုင်းဖြစ်သည့် ရွေးကောက်ပွဲဖြစ်စဉ်တွင် ပါဝင်ခွင့်ရရှိစေမည်ဖြစ်သည်။

PACE အဖွဲ့သည် ယခုနှစ် ဇန်နဝါရီလ ၂၆ ရက်မှစ၍ ရွေးကောက်ပွဲအကြိုကာလ၏ အရေးကြီးသည့် ကဏ္ဍများကို ကြားဖြတ်ရွေးကောက် ပွဲကျင်းပသည့် နယ်မြေများအားလုံးတွင် စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ပါသည်။ အဓိကအားဖြင့် မဲဆန္ဒစာရင်းနှင့် မဲဆန္ဒရှင်စာရင်း ပြုစုခြင်းဖြစ်စဉ်နှင့် ပတ်သက်သည့် လူထုသဘောထားစစ်တမ်း၊ မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုစောင့်ကြည့်လေ့လာခြင်း၊ မဲဆွယ်စည်း ရုံးမှုစောင့်ကြည့်လေ့လာခြင်း နှင့် မဲဆန္ဒနယ်တွင်း ကြိုတင်မဲပေးမှု ကိုစောင့်ကြည့်လေ့လာခြင်းများကို ပြုလုပ်ခဲ့ပါသည်။ ယေဘုယျ အားဖြင့် ရွေးကောက်ပွဲအကြိုကာလမှာ တည်ငြိမ်အေးဆေးပြီး ရွေးကောက်ပွဲကို ထိခိုက်စေနိုင်သည့် ကြီးမားသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့ သည်ကို မတွေ့ရချေ။ သို့သော် ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ပြည်သူလူထု၏ စိတ်ပါဝင်စားမှုနှင့် ပါဝင်မှုမှာ နည်းပါး သည့်သကဲ့သို့ နိုင်ငံရေးပါတီများ၏ မဲဆွယ်စည်းရုံးရေး လှုပ်ရှားမှုများမှာလည်း နည်းပါးသည်ကိုတွေ့ရပါသည်။

ရွေးကောက်ပွဲအကြိုကာလ တွေ့ရှိချက်များ

ယေဘုယျအားဖြင့် ရွေးကောက်ပွဲအကြိုကာလတွင် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ထိခိုက်စေနိုင်သည့် ကြီးမားသော ဖြစ်ရပ်များကို မတွေ့ရသော်လည်း ၂၀၁၅ အထွေထွေရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ပါက ပြည်သူများ၏ သိရှိမှု၊ စိတ်ပါဝင်စားမှုနှင့် ပါဝင်မှုတို့ နည်းပါး သည် ကိုတွေ့ရသည်။ ၂၀၁၇ ခုနှစ် ဇန်နဝါရီလတွင် ကောက်ယူခဲ့သော စစ်တမ်းအရ ကြားဖြတ်ရွေးကော်ပွဲကျင်းပမည်ကို သိရှိသူမှာ ဖြေဆိုသူ များ၏ ၆၂% သာရှိသည်။ ဧပြီလ ၁ ရက် ကြားဖြတ်ရွေးကောက်ပွဲတွင်မဲပေးရန် အစီအစဉ်ရှိသလားဟု မေးမြန်းရာ  ဖြေဆိုသူ ၅၇% ကသာ မဲပေးရန်စီစဉ်ထားသည်ဟု ဖြေဆိုကြပါသည်။

မဲဆန္ဒရှင်စာရင်းကြေညာပြသမှုကို စောင့်ကြည့်လေ့လာရာတွင်လည်း မဲဆန္ဒရှင် အရေအတွက်နည်းငယ်ကသာ ကော်မရှင်အဖွဲ့ ခွဲရုံးများ တွင် ၎င်းတို့၏ အမည်များကို လာရောက် ကြည့်ရှုစစ်ဆေးခဲ့သည့်အပြင်  အချက်အလက်များကိုပြင်ဆင်ရန် လျှောက်လွှာများ တင်သွင်း ခဲ့သည့် မဲဆန္ဒရှင်အရေအတွက်မှာ ပို၍ပင်နည်းပါးသည်ကိုတွေ့ရသည်။ မဲစာရင်းကြေညာပြသရာနေရာများမှာ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းများပါ အလွယ်တကူ လာရောက်ကြည့်ရှုနိုင်သည်ကိုတွေ့ရသည်။ ထို့အပြင် မဲစာရင်း​ကြေညာပြသရာတွင် တာဝန်ရှိသူများက လည်း မဲဆန္ဒရှင်များကို တန်းတူညီမျှ အကူအညီပေးသည်ကိုတွေ့ရပါသည်။

မဲဆွယ်စည်းရုံးရေးကာလဖြစ်သော ဖေဖော်ဝါရီလ ၁ ရက်မှ ၃၀ ရက်အထိ ကာလတစ်လျှောက်လုံးတွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၊ အခြားပါတီကြီးနှင့် ပါတီငယ်/တစ်သီး ပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုများကို PACE အဖွဲ့၏ ကာလရှည်စောင့်ကြည့်လေ့လာသူက စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ပါသည်။ ယေဘုယျ အားဖြင့် မဲဆွယ်စည်းရုံးရေးကာလမှာတည်ငြိမ်အေးဆေးမှုရှိပါသည်။ ပါတီငယ်/တစ်သီးပုဂ္ဂလ ကိုယ်စားလှယ်လောင်းများ၏ မဲဆွယ် စည်းရုံးရေးလှုပ်ရှားမှုများကို သိပ်မတွေ့ရပါ။ အထူးသဖြင့် မဲဆွယ်စည်းရုံးရေးကာလ၏ ပထမ ရက်သတ္တပတ် ၅ ပတ်တွင် မဲဆွယ်စည်းရုံး ရေးလှုပ်ရှားမှုများကို အနည်းငယ်သာတွေ့ရသည်။ မဲဆွယ်စည်းရုံးမှုများတွင် အသုံးအများဆုံးနည်းလမ်းမှာ လက်ကမ်းစာရွက်ဝေငှခြင်း၊ စုဝေးဟောပြောမှုများပြုလုပ်ခြင်းနှင့် ပိုစတာများ ချိတ်ဆွဲခြင်းတို့ပင်ဖြစ်သည်။ ကိုယ်စားလှယ်လောင်းအနည်းငယ်ကသာ သတင်းအချက် အလက်နည်းပညာများနှင့် သတင်းမီဒီယာများကို အသုံးပြုပြီး မဲဆွယ်စည်းရုံးမှုများပြုလုပ်ကြသည်ကိုတွေ့ရသည်။ စုဝေးဟောပြော ရာတွင် အခြားသူတစ်ဦး (သို့) လူတစ်စုကို ၎င်းတို့၏ ကိုးကွယ်ရာ ဘာသာ၊ လူမျိုးနှင့် ကျား-မဖြစ်မှုကို အခြေခံ၍ ပုတ်ခတ်ပြောဆိုခြင်း များပြုလုပ်သည်ကို မတွေ့ရချေ။

နမူနာရွေးထုတ်စောင့်ကြည့်လေ့လာမှု (SBO) မှ အဓိကတွေ့ရှိချက်များ

ကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်များအားလုံးမှ စောင့်ကြည့်လေ့လာမှုအစီရင်ခံမှုများကို ရရှိပြီးဖြစ်သည်။ တယ်လီဖုန်း ဆက်သွယ်မှုဆိုင်ရာ အခက်အခဲများကြောင့် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ နေရာတစ်ခုစီမှ အစီရင်ခံမှု အချို့ကိုလက်ခံရရှိခြင်း မရှိသေးပါ။

စောင့်ကြည့်လေ့လာသူများအားလုံးနီးပါးသည် မဲပေးမှုများမစတင်မှီ မဲရုံများအတွင်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့ပါသည်။ အစောပိုင်းတွင် မဲရုံ အတွင်းသို့ဝင်ရောက်ကာ မဲရုံခင်းကျင်းပြင်ဆင်ခြင်းဖြစ်စဉ်ကို စောင့်ကြည့်လေ့လာခွင့်မရသည့် အစီရင်ခံအချို့ ရှိခဲ့သော်လည်း ရွေး ကောက်ပွဲကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မှုများကြောင့် စောင့်ကြည့်လေ့လာခွင့်ပြန်လည် ရရှိခဲ့ပါသည်။  စစ်ကိုင်းတိုင်းဒေသကြီးနှင့် ရန်ကုန်တိုင်းဒေသကြီးတို့မှ မဲရုံများအတွင်း အရေးကြီးပစ္စည်းများဖြစ်သည့် မဲစာရင်းများ၊ ပုံစံ ၁၆ နှင့် ၁၇ များ မရှိခြင်းနှင့် အခြားသူများကိုယ်စား မဲပေးခြင်းများ အနည်းရှိသည်ဟု ထူးခြားဖြစ်ရပ်အစီရင်ခံမှုအချို့ကို ရရှိပါသည်။

တွေ့ရှိချက်အသေးစိတ်

မဲရုံသို့ရောက်ရှိခြင်း၊ မဲရုံအပြင်အဆင်

  • စောင့်ကြည့်လေ့လာသူ ၉၉% သည် မဲပေးမှုများ မစတင်မှီ မဲရုံများအတွင်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့သည်။ အစောပိုင်းတွင် မဲရုံ အတွင်းသို့ ဝင်ရောက်ကာ မဲရုံခင်းကျင်းပြင်ဆင်ခြင်းဖြစ်စဉ်ကို စောင့်ကြည့်လေ့လာမှုများပြုလုပ်ခွင့်မရသည့် အစီရင်ခံမှု အချို့ ရရှိသော်လည်း နောက်ပိုင်းတွင်မူ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မှုကြောင့် စောင့်ကြည့်လေ့လာခွင့် ပြန်လည်ရရှိခဲ့ပါသည်။
  • မဲရုံ ၈၈% ၏ အဆင်အပြင်အခင်းအကျင်းမှာ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် မဲဆန္ဒရှင်အားလုံးအတွက် အဆင်ပြေမှုရှိပါသည်။
  • မဲရုံ ၈၈% တွင် မဲရုံအဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ရှိသည်ကိုလည်း တွေ့ရှိရပါသည်။
  • မဲရုံ ၉၃% တွင် ကြိုတင်မဲပုံးများ မဲရုံမဖွင့်လှစ်မှီကပင် ရောက်ရှိနေပါသည်။
  • မဲရုံ ၈၅% တွင် ပုံစံ ၁၃ (မဲဆန္ဒနယ်တွင်းကြိုတင်မဲ စာရင်း) ကို မဲရုံအပြင်ဖက်တွင် ကပ်ထားပါသည်။
  • မဲရုံစတင်ဖွင့်လှစ်သည့်အချိန်၌ မဲရုံ ၉၆% တွင် မဲပေးရာတွင် လိုအပ်သည့်ပစ္စည်းများ အဆင်သင့်ရှိနေပြီဖြစ်သော်လည်း မဲရုံ ၃% တွင်မူ မဲရလာဒ်စာရင်း (ပုံစံ ၁၆) နှင့် ပယ်မဲစာရင်း (ပုံစံ ၁၇) များမရှိခြင်း၊ မဲရုံ ၁% တွင် မဲဆန္ဒရှင်စာရင်းများမရှိခြင်းတို့ကို တွေ့ရပါသည်။ မဲရုံ များ၏ ၁% အောက်တွင် လက်ချောင်းတွင်တို့သည့် မင်အိုးများ မရှိသည်ကို တွေ့ရပါသည်။
  • မဲရုံ ၉၂% တွင် နံနက် ၆း၃၀ နာရီ၌ မဲပေးမှုများ စတင်ခဲ့ကြသော်လည်း မဲရုံ ၈% တွင် အဆိုပါအချိန်ထက် နောက်ကျပြီးမှ မဲပေး မှုများကို စတင်နိုင်ခဲ့ကြပါသည်။

မဲပေးခြင်းဖြစ်စဉ်

  • မဲရုံ ၈၆% တွင် ပါတီများနှင့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ မဲပေးနေစဉ် ကြားဖြတ်ရွေးကောက်ပွဲ နယ်မြေများရှိ မဲရုံများတွင်ရောက်ရှိနေကြသည်။ သို့သော် ရန်ကုန်တိုင်းဒေသကြီး (၉၄%) က အခြားဒေသများ (၇၉%) များ ထက် ပိုများသည်။ မဲရုံ ၇၉ % တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီမှ ကိုယ်စားလှယ်များနှင့် ၇၇ % တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီမှ ကိုယ်စားလှယ်များသည် မဲပေးနေမှုကို စောင့်ကြည့်နေကြပြီး၊ မဲရုံ ၈ % တွင်အခြားဗမာ ပါတီမှ မဲရုံကိုယ်စားလှယ်များ၊ မဲရုံ ၁၉ % တွင် တိုင်းရင်းသားပါတီ မဲရုံကိုယ်စားလှယ်များ နှင့် မဲရုံ ၂ % တွင် တစ်သီး ပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များက စောင့်ကြည့်နေကြပါသည်။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး ပါတီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီတို့ မှ မဲရုံကိုယ်စားလှယ်များသည် အခြားဒေသများထက်စာလျှင် ရန်ကုန်တိုင်း ဒေသကြီးတွင် မဲရုံများတွင် ရောက်ရှိနေမှု ပိုမိုများသည်ကိုတွေ့ရပြီး အခြားတိုင်းရင်းသားပါတီများ၏ မဲရုံကိုယ်စားလှယ် များသည် ရန်ကုန်တိုင်းဒေသကြီး၏ အပြင်ဖက်မဲရုံများတွင် ရောက်ရှိမှု ပိုမိုများသည်ကိုတွေ့ရသည်။
  • မဲရုံ ၉၁% တွင် မဲရုံတာဝန်နှင့် မသက်ဆိုင်သူများကို မတွေ့ရဘဲ၊ မဲရုံ ၉ % တွင် မဲရုံတာဝန်နှင့်မသက်ဆိုင်သူ များရှိနေကြသည်။
  • မဲရုံ ၉၂% တွင် မဲပေးရန်အတွက် အထောက်အထားစာရွက်စာတမ်းဖြစ်သော နိုင်ငံသားစီစစ်ရေးကတ်ပြားနှင့် မဲဆန္ဒရှင် သက် သေခံလက်မှတ်များ ပြသရန် မဲဆန္ဒရှင်များကို တောင်းဆိုသည်ကို တွေ့ရသည်
  • မဲရုံ ၂၅ % တွင် မဲဆန္ဒရှင် ၁၀ ဦးအောက် မဲရုံသို့လာရောက်ခဲ့ကြသော်လည်း မဲဆန္ဒရှင်စာရင်းတွင် ၎င်းတို့၏ အမည်များ မပါရှိသောကြောင့် မဲပေးခွင့်မရှိဘဲ ပြန်သွားကြရသည်။ ထိုဖြစ်ရပ်သည် ရန်ကုန် (၃၅ %) က အခြားဒေသများ (၁၆%) ထက် ပိုများသည်။ မဲရုံ ၂% တွင် မဲဆန္ဒရှင် ၁၁-၅၀ ဦးသည် မဲဆန္ဒရှင်စာရင်း၌ ၎င်းတို့၏ အမည်များ မပါရှိသောကြောင့် မဲပေးခွင့်မရ ဘဲ ပြန်သွားကြရသည်။
  • မဲရုံ ၉၄% တွင် မဲစာရင်း၌ အမည်ပါသူ မဲဆန္ဒရှင်များ အားလုံး မဲပေးခွင့်ရရှိကြသည်။ သို့သော် မဲရုံ ၅% တွင်မူ မဲဆန္ဒရှင် အရေ အတွက်အနည်းငယ်သည် မဲစာရင်းတွင် အမည်ပါသော်လည်း မဲပေးခွင့်မရနိုင်ခဲ့ကြပါ။
  • မဲရုံ ၉၇% တွင် မဲစာရင်းတွင် အမည်ပါသောသူများကိုသာ မဲပေးခွင့်ပြုခဲ့သော်လည်း မဲရုံ ၃% တွင် မဲစာရင်းတွင် အမည်မပါရှိ သူများကို မဲပေးခွင့်ပြုခဲ့သည်။
  • မဲရုံ ၉၈% တွင် မဲဆန္ဒရှင်များ လျို့ဝှက်မဲပေးခွင့် ရရှိခဲ့ကြသည်။
  • မဲရုံ ၉၈% တွင် မဲရုံနှင့် မဲရုံအနီးဝန်းကျင်တွင် မဲဆန္ဒရှင်များကို ခြိမ်းခြောက်မှု (သို့) အနှောက်အယှက်ပြုမှုများ မရှိကြောင်း တွေ့ရ သည်။ PACE အဖွဲ့အနေဖြင့် မဲရုံအတွင်းနှင့် အနီးတဝှိက်တွင်သာ စောင့်ကြည့်လေ့လာနိုင်ခဲ့ပြီး အခြားနေရာများတွင် စောင့် ကြည့်လေ့လာမှုများ မပြုလုပ်နိုင်ခဲ့ပါ။
  • မဲရုံအားလုံးနီးပါးတွင် မဲပေးပြီး ထွက်ခွာသွားသည့် မဲဆန္ဒရှင်များ၏ လက်ချောင်းကို မင်တို့သည်ကိုတွေ့ရပါသည်။
  • မဲရုံ ၈၀% တွင် မဲရုံအပြင်ဖက်၌ ရဲတပ်ဖွဲ့ဝင်များရှိသည်။
  • မဲရုံ ၉၇% တွင် မဲပေးခြင်းဖြစ်စဉ်ကို စောင့်ကြည့်လေ့လာခွင့်အပြည့်အဝရရှိခဲ့သည်။ ၄% အောက်တွင်မူ အကန့်အသတ် အချို့ ဖြင့် စောင့်ကြည့်လေ့လာခွင့်ရရှိခဲ့သည်။

မဲရုံပိတ်ခြင်းနှင့် မဲရေတွက်ခြင်းဖြစ်စဉ်

  • မဲရုံအားလုံးနီးပါးတွင် စောင့်ကြည့်လေ့လာသူများ၊ မဲရုံကိုယ်စားလှယ်များ၊ မျက်မြင်သက်သေများကို မဲရုံပိတ်ပြီးချိန်နောက်ပိုင်း မဲရေတွက်မှုကို စောင့်ကြည့်လေ့လာနိုင်ရန် မဲရုံအတွင်း ဆက်လက်နေခွင့်ပြုပါသည်။
  • မဲရုံ ၈၆ % မဲရုံတွင်လာရောက်ပေးသည့်မဲများ မရေတွက်မှီ ကြိုတင်မဲများကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ငန်း လမ်းညွှန်နှင့် အညီ ဦးစွာရေတွက်ပါသည်။
  • မဲရုံ ၉၇% တွင် မဲများရေတွက်ရာတွင် မဲလက်မှတ်ပေါ်မှ မဲပေးထားသည့် အမှတ်အသားများကို ထင်ရှားစွာမြင်ရပါသည်။
  • မဲရုံ ၉၇% တွင် မဲရုံအဖွဲ့ဝင်များက ပယ်မဲများဆုံးဖြတ်ရာတွင် ရှေ့နောက်ညီညွတ်မျှတမှုရှိကြသည်။
  • မဲရုံ ၉၁%တွင် မဲများရေတွက်နေစဉ် ပါတီ (သို့) ကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များ ရှိနေကြသည်။ မဲရုံ ၈၃% တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲရုံကိုယ်စားလှယ်များနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏မဲရုံ ကိုယ် စားလှယ်များရှိနေကြပြီး၊ မဲရုံ ၇% တွင် အခြားဗမာပါတီများ၏ မဲရုံကိုယ်စားလှယ်များ၊ ၂၂% တွင် တိုင်းရင်းသားပါတီများ၏ မဲရုံကိုယ်စားလှယ်များနှင့် ၃% တွင် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ မဲရုံကိုယ်စားလှယ်များက မဲရေတွက်မှုကို စောင့်ကြည့်နေခဲ့ကြသည်။
  • မဲရုံ ၉၉% တွင် မဲရေတွက်ပြီးနောက် မဲလက်မှတ်များနှင့် ပုံစံများကို ဆာလာအိတ်များအတွင်းသို့ ထည့်ပြီးချိတ်ပိတ်ခဲ့ပါသည်။
  • မဲရုံ ၉၇% တွင် မဲရေတွက်ပြီးနောက် မဲရလာဒ် ပုံစံ (ပုံစံ ၁၆) ကို အများပြည်သူကြည့်ရှုနိုင်ရန် ကပ်ထားပါသည်။
  • မဲရုံ ၉၆% တွင် မဲရေတွက်နေစဉ် ခြိမ်းခြောက်မှုများ၊ နှောက်ယှက်မှုများ နှင့် ဝင်ရောက်စွက်ဖက်မှုများကို မတွေ့ရချေ။
  • မဲရုံ ၁၀% တွင် နိုင်ငံရေးပါတီ (သို့) မဟုတ် မဲရုံကိုယ်စားလှယ်များက မဲရေတွက်မှုနှင့် ပတ်သက်ပြီး မဲရုံတာဝန်ရှိသူများကို စောဒကတက်မှုများ ပြုလုပ်သည်ကို တွေ့ရပါသည်။ မဲရုံ ၇% တွင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၃% တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်၊ ၂ % တွင်တိုင်းရင်းသားပါတီနှင့် ၁% အောက်တွင် အခြားဗမာပါတီနှင့် တစ်သီးပုဂ္ဂလတို့၏ မဲရုံ ကိုယ်စားလှယ်များက စောဒက တက်မှုများရှိကြသည်။

မဲဆန္ဒနယ်တွင်းကြိုတင်မဲပေးခြင်း

ရွေးကောက်ပွဲနေ့မတိုင်မှီ ရက်များအတွင်း မဲဆန္ဒနယ်တွင်းကြိုတင်မဲပေးမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာနိုင်ရန်အတွက် ကျပန်းရွေး ချယ်ထားသည့် ရပ်ကွက်နှင့်ကျေးရွာအုပ်စု ၂၂ ခုတွင် ကာလရှည်စောင့်ကြည့်လေ့လာသူများကို တာဝန်ပေးခဲ့သည်။ ကော်မရှင် အဖွဲ့ခွဲများတွင် ကြိုတင်မဲပေးခြင်းဖြစ်စဉ်နှင့် ကြိုတင်မဲလိုက်လံကောက်ယူသည့်ဖြစ်စဉ်နှစ်ခုစလုံး၏ အရည်အသွေးကို ဆန်းစစ် လေ့လာ ခဲ့သည်။ PACE အဖွဲ့၏ တွေ့ရှိချက်များမှာ

  • စောင့်ကြည့်လေ့လာမှုပုံစံနှစ်မျိုးစလုံးကို ကန့်သတ်မှုများမရှိဘဲ စောင့်ကြည့်လေ့လာခွင့်ရခဲ့သည်။
  • ကြိုတင်မဲလိုက်လံကောက်ယူသည့်ဖြစ်စဉ်အများစုသည် နေအိမ်များ (၉၃%)၊ အဖွဲ့အစည်းများ(၁၀%)၊ အကျဉ်းထောင်/ အချုပ် ခန်းများ (၅%) နှင့် အစိုးရဌာနများ (၂%) တို့တွင်ဖြစ်ကြသည်။
  • ကော်မရှင်အဖွဲ့ခွဲရုံးများတွင် အရပ်ဘက်အမှုထမ်းများ (၄၃%)၊ ရွေးကောက်ပွဲတာဝန်ရှိသူများ (၃၂%)၊ သက်ကြီးရွယ်အို/ မသန် စွမ်းသူများ (၂၉%) နှင့် နာမကျန်းသူများ (၁၄%) ကကြိုတင်မဲပေးကြသည်ကို စောင့်ကြည့်လေ့လာခဲ့ပါသည်။
  • ကြိုတင်မဲလိုက်လံကောက်ယူသည့်ဖြစ်စဉ်တွင် သက်ကြီးရွယ်အိုများ/မသန်စွမ်းသူ (၉၃%)၊ နာမကျန်းသူများ (၆၂%)၊ ရွေး ကောက်ပွဲတာဝန်ရှိသူများ (၁၀%)၊ အရပ်ဘက်ဝန်ထမ်းများ (၇%) နှင့် အချုပ်ကျနေသူ (၅%)တို့ မဲပေးသည်ကို စောင့်ကြည့် လေ့လာခဲ့သည်။
  • ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲရုံးတွင် ကြိုတင်မဲပေးမှုနှင့် ကြိုတင်မဲလိုက်လံကောက်ယူသည့်ဖြစ်စဉ်နှစ်ခုစလုံး၏ ၉၈% တွင် မဲဆန္ဒရှင်များသည် လျို့ဝှက်ဆန္ဒမဲပေးခွင့်ရရှိသည်။
  • ကြိုတင်မဲလိုက်လံကောက်ယူမှုတွင် ဆန္ဒမဲပေးခဲ့သူအားလုံး၏ အမည်များကို ကြိုတင်မဲဆန္ဒစာရင်း ပုံစံ ၁၃ တွင် ရေးသွင်း ခဲ့သည်။ သို့သော်ကော်မရှင်အဖွဲ့ခွဲရုံးများ၏ ၈%တွင် ကြိုတင်ဆန္ဒမဲပေးခဲ့သူများ၏အမည်များကို ပုံစံ ၁၃ တွင်ရေးသွင်းခြင်း မပြုခဲ့ပါ။
  • စောင့်ကြည့်လေ့လာမှု ပုံစံနှစ်မျိုးစလုံးတွင် ကြီးမားသော ပြဿနာများကို မတွေ့ရပါ။
  • နိုင်ငံရေးပါတီများ၏ ကိုယ်စားလှယ်များလိုက်ပါကြည့်ရှုမှုသည် ကြိုတင်မဲလိုက်လံကောက်ယူသည့် ဖြစ်စဉ်တွင် (၅၉%) ရှိ သည့်အတွက် ကော်မရှင်အဖွဲ့များတွင်ကြည့်ရှုမှု (၃၇%) ထက်ပိုများသည်။ ကြိုတင်မဲပေးခြင်းဖြစ်စဉ် တစ်လျောက်လုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ ၏ ကြည့်ရှုမှုသည် (၄၀%) ရှိသည့်အတွက် ပြည်ထောင်စုကြံခိုင်ရေးနှင့် ဖွံ့ရေးပါတီ၏ ကြည့်ရှုမှု (၂၂%) ထက်ပိုများသည်။
  • စောင့်ကြည့်လေ့လာခဲ့သော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၏ ၃% တွင် အရေးကြီးသောပစ္စည်းများကို ညဖက်တွင် လုံခြုံစွာ သိမ်းဆည်းခြင်းမရှိသည်ကိုတွေ့ရသည်။
  • စောင့်ကြည့်လေ့လာခဲ့သော ရပ်ကွက်နှင့်ကျေးရွာအုပ်စုများ၏ ၈၁% တွင် မဲဆန္ဒနယ်တွင်းကြိုတင်မဲပေးသည့်ဖြစ်စဉ်ကို သတ်မှတ်ထားသည့်အတိုင်း မတ်လ ၂၂ ရက်တွင် စတင်ခဲ့သည်ကိုတွေ့ရသည်။ နေရာ ၁၃% တွင်မူ ရွေးကောက်ပွဲမကျင်းမှီ ရက်အနည်းငယ်အလိုမှသာ ကြိုတင်မဲပေးခြင်းကို ခွင့်ပြုခဲ့ပါသည်။ ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ စောင့်ကြည့်လေ့လာရန် ရွေးချယ်ထားသည့် ရပ်ကွက် ၂ နေရာတွင် ကြိုတင်မဲပေးခြင်းကို လုပ်ဆောင်ခဲ့ခြင်းမရှိပါ။

မဲရလာဒ်စာရင်းပြုစုခြင်း

ဧပြီလ ၁ ရက် မဲပေးခြင်းဖြစ်စဉ်ပြီးဆုံးပြီး မဲရုံများပိတ်ပြီးနောက် မဲရလာဒ်စာရင်းပြုစုခြင်းကို စောင့်ကြည့်လေ့လာနိုင်ရန် စောင့်ကြည့် လေ့လာသူ ၂၂ ဦးကို မြို့နယ်ကော်မရှင်အဖွဲ့ခွဲရုံး ၂၂ ရုံးတွင်စေလွှတ်ခဲ့ပါသည်။ PACE အဖွဲ့၏ တွေ့ရှိချက်များမှာ

  • မြို့နယ်အားလုံးတွင် မဲရလာဒ်ပြုစုခြင်းဖြစ်စဉ်ကို အကန့်အသတ်မရှိဘဲ စောင့်ကြည့်လေ့လာနိုင်ခဲ့ပါသည်။
  • မြို့နယ်ကော်မရှင်အဖွဲ့ခွဲအားလုံးတွင် ပါတီနှင့် ကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ ရှိနေကြပါသည်။ မြို့နယ် ကော်မရှင်အဖွဲ့ခွဲရုံး ၂၂ ရုံးအနက် ၂၁ ရုံးတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ကိုယ်စားလှယ်များရှိကြပြီး၊ ၂၀ ရုံးတွင် ပြည်​ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၊ ၁၀ ရုံးတွင် အခြားဗမာပါတီ၊ ၈ ရုံးတွင် တိုင်းရင်းသားပါတီနှင့် ၅ ရုံးတွင် တစ်သီးပုဂ္ဂလ တို့၏ ကိုယ်စားလှယ်များရှိနေကြသည်။
  • ကော်မရှင်အဖွဲ့ခွဲရုံးများသည် ညနေ ၄ နာရီနောက်ပိုင်းမှ ရောက်ရှိလာသော ကြိုတင်မဲများကို လက်ခံခဲ့ကြခြင်းမရှိပါ။
  • ကော်မရှင်အဖွဲ့ခွဲရုံး ၂၂ ရုံးအနက် ၂၁ ရုံးတွင် ကြိုတင်မဲများရေတွက်ရာတွင် မဲလက်မှတ်ပေါ်မှ မဲပေးထားသည့် အမှတ်အသား များကို မြင်တွေ့ရပါသည်။
  • ကော်မရှင်အဖွဲ့ခွဲရုံး ၂၂ ရုံးအနက် ၂၀ ရုံးတွင် အရေးကြီးသောပစ္စည်းများဖြစ်သည့် မဲလက်မှတ်များနှင့် ရလာဒ်ပုံစံများကို လုံခြုံ စွာသိမ်းဆည်းထားသည်ကိုတွေ့ရှိရပါသည်။
  • မဲရလာဒ်စာရင်းပြုစုသည့်ဖြစ်စဉ်တွင် ဝင်ရောက်စွက်ဖက်မှုများ၊ ခြိမ်းခြောက်မှုများ၊ အကြမ်းဖက်မှုများ မတွေ့ရပါ။
  • ကော်မရှင်အဖွဲ့ခွဲရုံး ၂၂ ရုံးအနက် ၂၀ ရုံးတွင် ပါတီများမှ စောဒကတက်မှုများမရှိခဲ့ပါ။ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေး ပါတီက စောဒကတက်မှုများပြုလုပ်သည် ရုံး ၂ ရုံးတွင်တွေ့ရှိပြီး အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီက ရုံး ၁ ရုံးတွင် စောဒက တက်သည်ကိုတွေ့ရသည်။
  • ကော်မရှင်အဖွဲ့ခွဲရုံး ၂၂ ရုံးအနက် ၁၃ ရုံးတွင် မဲရလာဒ်စာရင်းပြုစုခြင်းကို ဧပြီလ ၁ ရက်တွင်ပြီးဆုံးခဲ့ပါသည်။

PACE အဖွဲ့အနေဖြင့် မဲဆန္ဒရှင်ပြုစုခြင်းဖြစ်စဉ်၊ မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှု၊ ရွေးကောက်ပွဲဆိုင်ရာပြင်ဆင်ခြင်းများနှင့် ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာမှုများမှ တွေ့ရှိချက်များ ၏ အစီရင်ခံစာကို လာမည့်သီတင်းပတ်များတွင် ထုတ်ပြန်သွားမည်ဖြစ်ပါသည်။

စောင့်ကြည့်လေ့လာမှုနည်းစနစ်

ရွေးကောက်ပွဲနေ့တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းရာ နယ်မြေများအားလုံးရှိ မဲရုံများကို စောင့်ကြည့်လေ့လာရန်အတွက် PACE အဖွဲ့ မှစောင့်ကြည့်လေ့လာသူ ၆၀၀ ကိုနေရာဖြန့်ချထားပြီးဖြစ်သည်။ PACE အဖွဲ့အနေဖြင့်ရွေးကောက်ပွဲနေ့ စောင့်ကြည့်လေ့လာမှု ၏တစ်စိတ်တစ်ပိုင်းအနေဖြင့်နမူနာရွေးထုတ်စောင့်ကြည့်လေ့လာခြင်း( Sample-Based Observation (SBO)) ကိုပြုလုပ် သွားမည် ဖြစ်သည်။နမူနာရွေးထုတ်စောင့်ကြည့်လေ့လာခြင်းသည်ခေတ်မှီအဆင့်မြင့်စောင့်ကြည့်လေ့လာသည့်နည်းစနစ်တစ်ခုဖြစ်ပြီးအဆိုပါနည်းစနစ်သည်ကောင်းမွန်စွာတည်ဆောက်ထားသည့်စာရင်းအင်းပညာဆိုင်ရာ စည်းမျဉ်းဥပဒေသများနှင့်သတင်းအချက်အလက် နည်းပညာ ကို အသုံးပြုသောနည်းစနစ်တစ်ခုဖြစ်သည်။ နမူနာရွေးထုတ်စောင့်ကြည့်လေ့လာခြင်းတွင်မဲပေးခြင်းနှင့် မဲရေတွက်မှုများ ကိုစနစ်တကျ ဆန်းစစ်နိုင်ရန်အတွက်   ကြားဖြတ်ရွေးကောက်ပွဲနယ်မြေတစ်ခုလုံးကို ကိုယ်စားပြုနိုင်သော    မဲရုံများကို  နမူနာအဖြစ်ရွေးထုတ်အသုံး   ပြုခြင်းများပါဝင်သည်။ နမူနာရွေးထုတ်စောင့်ကြည့်လေ့လာခြင်းသည် မဲပေးခြင်းနှင့် မဲရေတွက်ခြင်း လုပ်ငန်းများနှင့် ပတ်သက်ပြီး တိကျသော သတင်းအချက်အလက်များကို အချိန်နှင့်တစ်ပြေးညီ အစီရင်ခံနိုင်မည်ဖြစ်သည်။  ၂၀၁၇ ကြားဖြတ်ရွေးကောက်ပွဲ အတွက် နမူနာရွေးထုတ်စောင့်ကြည့်လေ့လာခြင်းတွင် ကြားဖြတ်ရွေးကောက်ပွဲနယ်မြေတစ်ခုလုံးကို ကိုယ်စားပြုနိုင်သည့် ကျပန်းနမူနာများ အဖြစ်ရွေးချယ်ထားသောမဲရုံးပေါင်း ၃၀၁ ရုံကို စောင့်ကြည့်လေ့လာနိုင်ရန်အတွက်နိုင်ငံသား စောင့်ကြည့်လေ့လာသူများကို စေလွှတ်ခဲ့ ပါသည်။ PACE အဖွဲ့မှစောင့်ကြည့်လေ့လာသူများသည်၎င်းတို့အတွက်သတ်မှတ်ပေးထားသည် သက်ဆိုင်ရာ မဲရုံများသို့နံနက်(၅)နာရီ အရောက်သွားရောက်ရမည်ဖြစ်သည်။ အဆိုပါ စောင့်ကြည့်လေ့လာသူများသည် မဲရုံမဖွင့်လှစ်ခင်အချိန်တွင် မဲရုံအား ပြင်ဆင်ခြင်း၊ မဲပေးခြင်း၊မဲရေတွက်ခြင်း၊ မဲရလဒ်များထုတ်ပြန်ကြေငြာခြင်း နှင့်ရလဒ်များကိုမဲရုံတွင် ကပ်ထားခြင်းများကို စောင့်ကြည့်လေ့လာ သွားမည်ဖြစ်သည်။ ရွေးကောက်ပွဲနေ့တစ်နေ့လုံးတွင် PACE အဖွဲ့မှစောင့်ကြည့်လေ့လာသူများသည် အချက်အလက် စင်တာ(Data Center) သို့သတ်မှတ်ထားသောအချိန်များအတိုင်း ၄ ကြိမ်ဖုန်းခေါ်ဆိုပြီးစောင့်ကြည့်လေ့လာမှု မှတွေ့ရှိချက်များကို အစီရင်ခံသွား မည်ဖြစ်သည်။ နမူနာ ရွေးထုတ် စောင့်ကြည့်လေ့လာသူများသည်အချက်အလက်ပေါင်း (၁၈,၀၀၀) ကိုစုဆောင်းပြီးအစီရင်ခံ သတင်းပေး ပို့သွားကြမည်ဖြစ်သည်။

၂၀၁၇ ကြားဖြတ် ရွေးကောက်ပွဲကာလအတွင်း မဲဆွယ်စည်းရုံးရေးကာလ ရက်သတ္တပတ် ၈ ပတ် (ဖေဖော်ဝါရီ ၁ ရက်မှ မတ်လ ၃၀ အထိ) အတွင်း မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများမှ အဖွဲ့ဝင်များ၊ ကိုယ်စားလှယ်လောင်းများနှင့် မဲဆန္ဒရှင်များကို တွေ့ဆုံ မေးမြန်း ခြင်းများပြုလုပ်ရန်နှင့် စုဝေးဟောပြောပွဲများကို စောင့်ကြည့်လေ့လာရန် ကာလရှည်စောင့်ကြည့်လေ့လာသူ LTOs (Long-Term-Observer) ၂၂ ဦးကို ခန့်အပ်တာဝန်ပေးခဲ့ပါသည်။ လက်ရှိအချိန်တွင် PACE အဖွဲ့၏ ကာလရှည်စောင့်ကြည့်လေ့လာသူ ၂၂ ဦးသည် သက်ဆိုင်ရာ မြို့နယ်ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲအသီးသီး တွင် မဲရလာဒ်ပြုစုခြင်း ကိုစောင့်ကြည့်လေ့လာလျှက်ရှိပါသည်။

အဖွဲ့နောက်ခံအကျဉ်း

ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections-PACE) သည် လွတ်လပ်ပြီးအမှီအခိုကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် နိုင်ငံသားများ၏ ပါဝင်ခွင့်ပိုမိုတိုးတက်မြှင့်လာစေရန် နိုင်ငံသားအခွင့်အရေးအသိ ပညာပေးခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းနှင့် ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

ဆက်သွယ်ရန်။

မနေခြည်။ ၀၉ ၇၉၇၉ ၆၉၆၉ ၄၊ [email protected]

၉၀၊ ၇-အေ၊ ကန်လမ်းကွန်ဒို၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်

https://www.pacemyanmar.org, https://www.facebook.com/PACEMyanmar