ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့

Electoral Reform Coordination Body – ERCB

သတင်းထုတ်ပြန်ချက်

၂၀၁၈ ခုနှစ် ဇန်နဝါရီလ ၁၇ ရက်

ချက်ခြင်းထုတ်ပြန်ရန်

၂၀၁၈ ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှုနှင့် ပူးပေါင်းဆောင်ရွက်မှု ပိုမို မြင့်မားလာရေးအတွက်

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့က ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကို တိုက်တွန်း

လစ်လပ်နေသော မဲဆန္ဒနယ် ၇ နေရာအတွက် ကြားဖြတ်ရွေးကောက်ပွဲများကို ၂၀၁၈ ခုနှစ် ဇွန်လနှောင်းပိုင်းတွင် ပြုလုပ်မည်ဟု ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က သတင်းမီဒီယာများကို ယခုနှစ် အစောပိုင်းတွင် ပြောကြားခဲ့သည်ကိုသိရှိရပါသည်။

ရွေးကောက်ပွဲကျင်းပရန်လျာထားသည့်အချိန်ကာလနှင့် ရွေးကောက်ပွဲလုပ်ငန်းစဉ်အချိန်စာရင်းကို မသိရှိရသဖြင့် မဲဆန္ဒရှင်များ၏ ပါဝင်မှုနည်းပါးနိုင်ခြင်း၊ ရွေးကောက်ပွဲလုပ်ငန်းစဉ် စီမံခန့်ခွဲမှုအခက်အခဲကြုံနိုင်ခြင်း၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်း များ၏ ပူးပေါင်းပါဝင်ဆောင်ရွက်မှု အားနည်းနိုင်ခြင်းစသည်တို့ ဖြစ်လာနိုင်သည်ကို ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေး ပူးပေါင်းဆောင်ရွက်မှုအဖွဲ့အနေဖြင့် စိုးရိမ်ပါသည်။

သို့ဖြစ်ပါ၍ ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့အနေဖြင့် ရွေးကောက်ပွဲတွင် နိုင်ငံသားအားလုံးပါ ဝင်မှု၊ ပွင့်လင်းမြင်သာမှု နှင့် တာဝန်ခံမှုမြင့်မားလာရေးအတွက် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အား အောက်ပါအချက်များကို အကြံပြုတိုက်တွန်းအပ်ပါသည်။

၁။ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် အများပြည်သူများ ပါဝင်ဆောင်ရွက်မှုမြင့်မားလာရေး အတွက် ယခုကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲ၏ ရွေးကောက်ပွဲလုပ်ငန်းစဉ်အချိန်စာရင်း (ရွေးကောက်ပွဲနေ့၊ ကိုယ်စားလှယ်လောင်း အမည်တင်သွင်းမည့်နေ့၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်းနှင့် ထုတ်ပြန်ကြေညာသည့်နေ့၊ ကြိုတင် မဲပေးရမည့်နေ့) နှင့် လုပ်ငန်းစဉ် အသေးစိတ်ကို အနည်းဆုံး ၆ လ ကြိုတင်ကြေညာပေးရန်။

၂။ ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များ (မဲဆန္ဒရှင်စာရင်း၊ မဲရုံစာရင်း၊ ကိုယ်စားလှယ်လောင်းစာရင်း၊ ရွေးကောက်ပွဲဆိုင်ရာ နည်းဥပဒေ/လုပ်ထုံးလုပ်နည်းများ) များကို အချိန်နှင့်တစ်ပြေးညီထုတ်ပြန်ပေးရန်။

၃။ ယခု ကြားဖြတ်ရွေးကောက်ပွဲကျင်းပရန်လျာထားသည့် ဇွန်လကုန်မှာ မိုးရာသီကာလဖြစ်သောကြောင့် လစ်လပ် နေရာအများစုတွင် ရွေးကောက်ပွဲလုပ်ငန်းစဉ်များကို စီမံခန့်ခွဲရန်နှင့် ပြည်သူများ၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် ပါတီများ၏ ပူးပေါင်းပါဝင် ဆောင်ရွက်မှုပြုလုပ်ရန် အခက်အခဲကြုံနိုင်သောကြောင့် အားလုံးပါဝင်ခွင့်ရနိုင်သည့် ပွင့်လင်းရာသီကာလမျိုးတွင် ရွေးချယ်ကျင်းပ‌ရန်။

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ဝင် အဖွဲ့အစည်းများအပါအဝင် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်း များအနေဖြင့် ၂၀၁၃ ခုနှစ်မှစတင်၍ ရွေးကောက်ပွဲဖြစ်စဉ်များတွင်ပါဝင်လာခဲ့ပြီး ၂၀၁၅ အထွေထွေရွေးကောက်ပွဲ၌ အသိပညာပေးရေး လုပ်ငန်းများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ဆောင်ရွက်နိုင်ခဲ့ကြသည့်အပြင် ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာမှုကို တရားဝင်ဖြစ် အောင် ဆောင်ရွက်နိုင်ခဲ့ကြပါသည်။ ယခုလက်ရှိတွင်လည်း ရွေးကောက်ပွဲဖြစ်စဉ်တွင် နိုင်ငံသားများပါဝင်မှု၊ ပွင်းလင်းမြင်သာမှု နှင့် တာဝန်ခံမှုတို့ ပိုမိုမြင့်မားလာရေးအတွက် ရွေးကောက်ပွဲဥပဒေမူဘောင် ပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျှက်ရှိပါသည်။

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ နောက်ခံအကျဉ်း

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) သည် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်လာစေရေးနှင့် ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပိုမိုအရှိန်မြှင့်အားကောင်းလာစေရေးအတွက် လွတ်လပ်ပြီး အမှီအခိုကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများစုဖွဲ့ထားသည့် ယန္တရားတစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စတင်စုစည်းခဲ့ပြီး လက်ရှိတွင်အဖွဲ့ဝင် ၁၀ ဖွဲ့ပါဝင်ပြီး ရွေးကောက်ပွဲဥပဒေမူဘောင် ပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်း ဆောင်ရွက်လျှက်ိရှသည်။

အဖွဲ့ဝင်စာရင်း

၁။ Myanmar Network Organization for Free and Fair Elections (MYNFREL)

၂။ Rainmaker

၃။ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်း (PJM)

၄။ ဒါနရှေ့ဆောင်မြန်မာ (COM)

၅။ ဖန်တီးအိမ်လူမှုအဖွဲ့အစည်း (Creative Home)

၆။ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့(MILI)

၇။ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့(PACE)

၈။ ရောင်ခြည်သစ် (YCT)

၉။ လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ (C.A.N-Myanmar)

၁၀။ အောက်ချင်းလူမှုအဖွဲ့အစည်း(Hornbill Organization)

 


Download PDF