ရွေးကောက်ပွဲအကြိုကာလ ခြုံငုံသုံးသပ်မှု သတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနှစ် မတ်လ ၃၁ ရက်                                                                                                                                           ချက်ခြင်းထုတ်ပြန်ရန်

 

တိတ်ဆိတ်ငြိမ်သက်သော မဲဆွယ်စည်းရုံးရေးကာလနှင့်အတူ  ကြားဖြတ်ရွေးကောက်ပွဲများတွင် ဆန္ဒမဲပေးသူ ဦးရေ နည်းပါး မည်ကို PACE အဖွဲ့က စိုးရိမ်

ဧပြီလ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်၍ ရွေးကောက်ပွဲဖြစ်စဉ်၏ အရည်အသွေးကို စမ်းစစ်လေ့လာနိုင်ရန် PACE အဖွဲ့ အနေဖြင့် ဇန်နဝါရီလ ၂၆ ရက်မှစတင်ပြီး ရွေးကောက်ပွဲအကြိုကာလနှင့် ပတ်သက်၍ အဓိကကျသောကဏ္ဍများကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ် ခဲ့ပါသည်။ မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုစောင့်ကြည့်လေ့လာခြင်းအပြင် နိုဝင်ဘာလအတွင်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက် ခဲ့သည့် တစ်အိမ်တက်ဆင်းမဲဆန္ဒရှင်စာရင်းပြုစုသည့် လုပ်ငန်းစဉ်နှင့် မဲစာရင်းအပေါ်  နိုင်ငံသားများ၏ အမြင်သဘောထားများကို သိရှိနိုင်ရန် လေ့လာ မှုစစ်တမ်းကောက်ယူမှုများကိုလည်း ပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ကြားဖြတ်ရွေး ကောက်ပွဲကျင်းပမည့် ၂၂ မြို့နယ်တွင် မဲဆွယ်စည်းရုံးရေးလုပ်ငန်း များကို စောင့်ကြည့်လေ့လာမှုများကိုလည်း ပြုလုပ်လျှက်ရှိပြီး ကြားဖြတ်ရွေးကောက်ပွဲနယ်မြေများရှိ ကျပန်းနည်းဖြင့် နမူနာ ရွေးနုတ်ထားသော ရပ်ကွက်နှင့် ကျေးရွာအုပ်စုများ၏ မဲဆန္ဒနယ်တွင်း ကြိုတင် မဲပေးခြင်းလုပ်ငန်းများကို လက်တလောတွင် စောင့်ကြည့်လေ့လာနေပါသည်။

PACE အဖွဲ့စောင့်ကြည့်လေ့လာသူများအနေဖြင့်လည်း အထက်ပါရွေးကောက်ပွဲအကြိုကာလ၏ အဓိကကျသောကဏ္ဍများကို စောင့်ကြည့်လေ့လာမှု များ ပြုလုပ်ခွင့်ရရှိခဲ့ပါသည်။  ရွေးကောက်ပွဲအရည်အသွေးကို အကဲဖြတ်ရာတွင် အဖိုးတန်သော သတင်းအချက်အလက်များကို ပံ့ပိုးပေးခဲ့ကြသည့် ကော်မရှင်အဖွဲ့အဆင့်ဆင့်မှ တာဝန်ရှိသူများ၊ နိုင်ငံရေးပါတီများ၊ ကိုယ်စားလှယ်လောင်းများနှင့် နိုင်ငံသားများအားလုံးကို PACE အဖွဲ့မှ ကျေးဇူး အထူးတင်ပါသည်။

ယေဘုယျအားဖြင့် ရွေးကောက်ပွဲအကြိုကာလအခြေအနေသည် အေးဆေးတည်ငြိမ်မှုရှိပြီး ရွေးကောက်ပွဲဖြစ်စဉ် ကို ထိခိုက်စေနိုင်သည့် ကြီးမားသော ဖြစ်ရပ်များ ဖြစ်ပွားခဲ့ခြင်းမရှိကြောင်း PACE အဖွဲ့ စောင့်ကြည့်လေ့လာသူမျာက အစီရင်ခံခဲ့ကြပါသည်။ ထို့အပြင် စောင့် ကြည့်လေ့လာခဲ့သောဖြစ်စဉ် များတွင် ခြိမ်းခြောက်မှုနှင့် ဝင်ရောက်နှောက်ယှက်မှုများကိုလည်း မတွေ့ခဲ့ရပါ။ မကြာမီ ကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲပေါ် လူထု၏ စိတ်ပါ ဝင်စားမှုနှင့် ပါဝင်ဆောင်ရွက်လိုစိတ်များ နည်းပါးသည်ကို တွေ့ရှိရပါသည်။ သို့သော်လည်း  ကြားဖြတ်ရွေးကောက်ပွဲနှင့်ပတ်သက်ပြီး မဲဆန္ဒရှင်များ စိတ်ဝင်စားမှု ပိုမိုမြှင့်မားလာစေရန် ဆောင်ရွက်ခဲ့ကြသည့် ပြည်ထောင်စုရွေးကောက် ပွဲကော်မရှင်၊ ပြည်တွင်း အရပ်ဘက်လူမှုအဖွဲ့အစည်းများ၊ နိုင်ငံ တကာအဖွဲ့အစည်းများနှင့် နိုင်ငံရေးပါတီများ၏ ကြိုးပမ်းအားထုတ်မှု များကို လည်း PACE အဖွဲ့က အသိအမှတ်ပြုပါသည်။

PACE အဖွဲ့မှ စိုင်းရဲကျော်စွာမြင့်က “ကြားဖြတ်ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး စိတ်ဝင်စားမှုမြင့်မားလာအောင် သက်ဆိုင်သူတွေအားလုံးက ဝိုင်းဝန်း ကြိုးပမ်းခဲ့ကြတဲ့အတွက်ကြောင့် ပြည်သူတွေအနေနဲ့ စိတ်ဝင်စားမှုတွေပိုများလာပြီး ရွေးကောက်ပွဲနေ့မှာလည်း မဲလာပေးကြမယ်လို့ မျှော်လင့်ပါ တယ်” ဟုဆိုပါသည်။

ဇန်နဝါရီလ တွင်ကောက်ယူခဲ့သော လေ့လာမှုစစ်တမ်းအရ ယေဘူယျအားဖြင့် ကြားဖြတ်ရွေးကောက်ပွဲနှင့် မဲဆန္ဒရှင်စာရင်း ကြေညာပြသမှု ဖြစ်စဉ် တို့အပေါ် လူထုသိရှိမှု နည်းပါးသည်၊ အထူးသဖြင့် ကျေးလက်ဒေသတွင် ပိုမိုနည်းပါးသည်ကို တွေ့ရှိရပါသည်။ ထို့အပြင် ၂၀၁၅ အထွေထွေရွေးကောက်ပွဲကာလတွင်း ပြည်သူလူထု၏ မဲပေးလိုစိတ်နှင့် နှိုင်းယှဉ်ပါက မဲပေးလိုစိတ်သည် ယခုကျင်းပမည့် ကြား ဖြတ်ရွေးကောက်ပွဲတွင် ပိုမိုနည်းပါးသည်ကို တွေ့ရပါသည်။

ဖေဖော်ဝါရီလအတွင်း ပြုလုပ်ခဲ့သည့် ပထမအကြိမ်မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုတွင် မဲဆန္ဒရှင်အနည်းငယ်ကသာ သက်ဆိုင်ရာ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများ၌ ၎င်းတို့၏ အမည်များကို လာရောက် ကြည့်ရှုစစ်ဆေးခဲ့ကြပြီး၊ လာရောက်ကြည့်ရှုသူ အနည်းအကျဉ်းကသာ အပြောင်းအလဲများပြုလုပ်ရန် ပုံစံများ တင်သွင်းခဲ့ကြသည်ကို တွေ့ရှိရပါသည်။

၂၀၁၅ အထွေထွေ ရွေးကောက်ပွဲနှင့် နှိုင်းယှဉ်ကြည့်လျှင် မဲဆွယ်စည်းရုံးရေးကာလ ပထမ ရက်သတ္တပတ် ၅ ပတ် ကာလအတွင်း မဲဆွယ်စည်းရုံးရေးလှုပ်ရှားမှုများ ပို၍ နည်းသည်ကို တွေ့ရသော်လည်း နောက်ဆုံး ရက်သတ္တပတ် ၃ ပတ် ကာလတွင်မူ လှုပ်ရှားမှုများ ပိုမိုလာပါသည်။ အထူးသဖြင့် ပါတီငယ်များနှင့် တစ်သီးပုဂ္ဂလကိုယ်စားလှယ်လောင်းများ၏ လှုပ်ရှားမှုများ ပိုမိုများပြားလာသည်ကို တွေ့ ရသည်။ ခြုံငုံကြည့်ပါက ကိုယ်စားလှယ်လောင်းအများစုသည် စာရွက်စာတမ်းများ ဝေငှခြင်း၊ ပိုစတာများနှင့် စုဝေးဟောပြောခြင်း နည်းလမ်းများဖြင့် မဲဆွယ်စည်းရုံးမှုများ ပြုလုပ်ခဲ့ကြသည်ကို တွေ့ရှိရသည်။ ကိုယ်စားလှယ်လောင်းများ အားလုံးနီးပါး၏ စုဝေးဟော ပြောပွဲ အစီအစဉ်များကို ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်က အချိန်နှင့် နေရာ ပြောင်းလဲစေခဲ့ခြင်းမရှိဘဲ ခွင့်ပြုခဲ့ပါသည်။

ယေဘုယျအားဖြင့် ရွေးကောက်ပွဲအကြိုကာလအတွင်း ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို ထိခိုက်စေသည့် ကြီးမားသည့် ဖြစ်ရပ်များ ဖြစ်ပွားခဲ့သည်ကို မတွေ့ခဲ့ရပါ။ ဧပြီလ ၁ ရက်တွင် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲပေးခွင့်ရှိသည့် မဲဆန္ဒရှင်များအားလုံး သွားရောက်မဲပေးကြရန် PACE အဖွဲ့က တိုက်တွန်း နှိုးဆော်သည့်အပြင် ရွေးကောက်ပွဲနှင့်သက်ဆိုင်သော အဖွဲ့အစည်းများနှင့် လူပုဂ္ဂိုလ်များ အားလုံးကိုလည်း ရွေးကောက်ပွဲနေ့ဖြစ်စဉ်တည်ငြိမ်အေးချမ်းရေးနှင့် တရားမျှတရေးအတွက် ဝိုင်းဝန်းဆောင်ရွက်ကြရန် တိုက်တွန်း နှိုးဆော်ပါသည်။

ရွေးကောက်ပွဲနေ့တွင် နိုင်ငံပေါင်း ၅၀ ကျော်က အသုံးပြုလျှက်ရှိသော “မဲရုံ နမူနာရွေးနုတ်” စောင့်ကြည့်လေ့လာမှုနည်းစနစ်ကို အသုံးပြု ကာစောင့်ကြည့်လေ့လာမှုများပြုလုပ်သွားမည်ဖြစ်သည်။ ကာလတိုစောင့်ကြည့်လေ့လာသူ ၆၀၀ နီးပါးကို ကျပန်းနမူနာ ရွေးနုတ်ထားသည့် မဲရုံများသို့စေလွှတ်ကာ ရွေးကောက်ပွဲနေ့ဖြစ်စဉ်များဖြစ်သည့် မဲရုံဖွင့်ခြင်း၊ မဲပေးခြင်းနှင့် မဲရုံပိတ်ခြင်း နှင့် မဲရေတွက်ခြင်းတို့ ကို တစ်နေ့လုံး စောင့်ကြည့်လေ့လာမှုပြုလုပ်သွားမည်ဖြစ်သည်။ ဤနည်းစနစ်အရ ရွေးကောက်ပွဲနေ့ဖြစ်စဉ်၏ အရည်အသွေးကို PACE အဖွဲ့ အနေဖြင့် ဓမ္မဓိဌာန် ကျကျ သုံးသပ်နိုင်မည်ဖြစ်သည်။ ရွေးကောက်ပွဲနေ့စောင့်ကြည့်လေ့လာခြင်း ကနဦး အစီရင်ခံစာကို ဧပြီလ ၂ ရက်တွင် ထုတ်ပြန်နိုင်ရန် စီစဉ်ထားပါသည်။

အဖွဲ့နောက်ခံအကျဉ်း

အဖွဲ့အစည်းနောက်ခံအကျဉ်း။ ယုံကြည်ရသောရွေးကောက်ပွဲမျာပေါ်ပေါက်ရေးပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections-PACE) သည် လွတ်လပ်ပြီးအမှီအခိုကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းရွေးကောက်ပွဲစောင့်ကြည့်လေ့လာ သည့် အဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် နိုင်ငံသားများ၏ပါဝင်ခွင့် ပိုမိုတိုးတက်မြှင့်လာစေရန် နိုင်ငံ သားအခွင့်အရေးအသိပညာပေးခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းနှင့် ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးကို ဆောင်ရွက်လျှက် ရှိပါသည်။

ဆက်သွယ်ရန်။

မနေခြည်။ ၀၉ ၇၉၇၉ ၆၉၆၉ ၄၊ [email protected]

၉၀၊ ၇-အေ၊ ကန်လမ်းကွန်ဒို၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်

https://www.pacemyanmar.org

https://www.facebook.com/PACEMyanmar/