၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်။ သတင်းထုတ်ပြန်ချက်အကျဉ်း

PACE အဖွဲ့ မှ စောင့်ကြည့်လေ့လာသူ ၆၀၀ ကကြားဖြတ်ရွေးကောက်ပွဲကျင်းပသည့် မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲဖြစ်စဉ်ကို စောင့်ကြည့်လျှက်ရှိ

ရန်ကုန် ဧပြီ ၁

၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင် ကြားဖြတ်ရွေးကောက်ပွဲကျင်းပနေသော ပြည်နယ်နှင့် တိုင်းဒေသကြီးအားလုံးရှိ မဲရုံများကို စောင့်ကြည့် လေ့လာနိုင်ရန်အတွက် PACE အဖွဲ့က ဘက်လိုက်မှုကင်းသော စောင့်ကြည့်လေ့လာသူများကို စေလွှတ်ထားပါသည်။ လက်ခံရရှိပြီးသော အစီရင်ခံမှုများအရ PACE အဖွဲ့မှ စောင့်ကြည့်လေ့လာသူအားလုံးသည် မဲပေးမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာမှုများပြုလုပ်နိုင်ခဲ့ကြ ပါ သည်။ PACE အဖွဲ့အနေဖြင့် အစောပိုင်းတွင် စောင့်ကြည့်လေ့လာသူအချို့ထံမှ မဲရုံအတွင်းသို့ဝင်ရောက်ခွင့် မရရှိကြောင်း အစီရင်ခံမှုကို လက်ခံရရှိခဲ့သော်လည်း နောက်ပိုင်းတွင် အားလုံးဝင်ရောက် စောင့်ကြည့်လေ့လာနိုင်ခဲ့ကြပါသည်။ တယ်လီဖုန်း ဆက်သွယ်ရေးဆိုင်ရာ ပြဿနာများ၊ အခက်အခဲများကြောင့် ချင်းပြည်နယ်နှင့် ရှမ်းပြည်နယ်တို့ရှိ ဒေသအချို့မှ စောင့်ကြည့်လေ့လာသူများ၏ အစီရင်ခံမှုများကို လက်ခံရရှိခြင်း မရှိသေးပါ။

PACE အဖွဲ့ မှ စိုင်းရဲကျော်စွာမြင့်က “ကျန်နေသေးတဲ့ ဖြစ်စဉ်တွေဖြစ်တဲ့ မဲပေးတာ၊ မဲရုံတွေပိတ်တာနဲ့ မဲရေတွက်ကြတဲ့ဖြစ်စဉ်တွေဟာ လည်း မဲရုံဖွင့်လှစ်ခြင်းဖြစ်စဉ်လိုဘဲ ပွင့်လင်းမြင်သာပြီး ချောချောမွေ့မွေ့ ဆက်ဖြစ်လိမ့်မယ်လို့ မျှော်လင့်ပါတယ်။ ပြီးတော့ မဲပေးခွင့်ရှိတဲ့ မဲဆန္ဒရှင်တွေအားလုံးကလည်း မဲရုံတွေမှာ မဲသွားပေးကြမယ်လို့ မျှော်လင့်ပါတယ်။

  • စောင့်ကြည့်လေ့လာသူ ၉၉% သည် မဲပေးမှုများ မစတင်မှီ မဲရုံများအတွင်းသို့ ဝင်ရောက်ခွင့်ရရှိခဲ့သည်။ အစောပိုင်းတွင် မဲရုံ အတွင်းသို့ ဝင်ရောက်ကာ မဲရုံခင်းကျင်းပြင်ဆင်ခြင်းဖြစ်စဉ်ကို စောင့်ကြည့်လေ့လာမှုများပြုလုပ်ခွင့်မရသည့် အစီရင်ခံမှု အချို့ ရရှိသော်လည်း နောက်ပိုင်းတွင်မူ ကော်မရှင်အဖွဲ့ခွဲမှ တာဝန်ရှိသူများနှင့် ညှိနှိုင်းဆောင်ရွက်မှုကြောင့် စောင့်ကြည့်လေ့လာခွင့် ပြန်လည်ရရှိခဲ့ပါသည်။
  • မဲရုံ ၈၈% ၏ အဆင်အပြင်အခင်းအကျင်းမှာ သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် မဲဆန္ဒရှင်အားလုံးအတွက် အဆင်ပြေမှုရှိပါသည်။
  • မဲရုံ ၈၈% တွင် မဲရုံအဖွဲ့ဝင် အနည်းဆုံး ၁၀ ဦး ရှိသည်ကိုလည်း တွေ့ရှိရပါသည်။
  • မဲရုံ ၉၃% တွင် ကြိုတင်မဲပုံးများ မဲရုံမဖွင့်လှစ်မှီကပင် ရောက်ရှိနေပါသည်။
  • မဲရုံ ၈၅% တွင် ပုံစံ ၁၃ (မဲဆန္ဒနယ်တွင်းကြိုတင်မဲ စာရင်း) ကို မဲရုံအပြင်ဖက်တွင် ကပ်ထားပါသည်။
  • မဲရုံစတင်ဖွင့်လှစ်သည့်အချိန်၌ မဲရုံ ၉၆% တွင် မဲပေးရာတွင် လိုအပ်သည့်ပစ္စည်းများ အဆင်သင့်ရှိနေပြီဖြစ်သော်လည်း မဲရုံ ၃% တွင်မူ မဲရလာဒ်စာရင်း (ပုံစံ ၁၆) နှင့် ပယ်မဲစာရင်း (ပုံစံ ၁၇) များမရှိခြင်း၊ မဲရုံ ၁% တွင် မဲဆန္ဒရှင်စာရင်းများမရှိခြင်းတို့ကို တွေ့ရပါသည်။ မဲရုံ များ၏ ၁% အောက်တွင် လက်ချောင်းတွင်တို့သည့် မင်အိုးများ မရှိသည်ကို တွေ့ရပါသည်။
  • မဲရုံ ၉၂% တွင် နံနက် ၆း၃၀ နာရီတွင် မဲပေးမှုများ စတင်ခဲ့ကြသော်လည်း မဲရုံ ၈% တွင် အဆိုပါအချိန်ထက် နောက်ကျပြီးမှ မဲပေး မှုများကို စတင်နိုင်ခဲ့ကြပါသည်။

PACE အဖွဲ့ အနေဖြင့် မဲဆန္ဒရှင်များ လာရောက်မဲပေးကြပြီး ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးတည်ငြိမ်အေးချမ်းလိမ့်မည်ဟု မျှော်လင့်ပါ သည်။

PACE အဖွဲ့အနေဖြင့် ရွေးကောက်ပွဲနေ့ဖြစ်စဉ်စောင့်ကြည့်လေ့လာခြင်း ကနဦးတွေ့ရှိချက် အစီရင်ခံစာ ကို ဧပြီလ ၂ ရက် တွင်ထုတ်ပြန်ရန် ပြင်ဆင်ထားပါသည်။

အဖွဲ့နောက်ခံအကျဉ်း

ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေး ပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections-PACE) သည် လွတ်လပ်ပြီးအမှီအခိုကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့်လေ့လာသည့်အဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် နိုင်ငံသားများ၏ ပါဝင်ခွင့်ပိုမိုတိုးတက်မြှင့်လာစေရန် နိုင်ငံသားအခွင့်အရေး အသိပညာပေးခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းနှင့် ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးတို့ကို ဆောင်ရွက်လျှက်ရှိပါသည်။

ဆက်သွယ်ရန်။

မနေခြည်။ ၀၉ ၇၉၇၉ ၆၉၆၉ ၄၊ [email protected]

၉၀၊ ၇-အေ၊ ကန်လမ်းကွန်ဒို၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်

https://www.pacemyanmar.org

https://www.facebook.com/PACEMyanmar/