skip to Main Content

ရန်ကုန်တိုင်းဒေသကြီး ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း
အကြိုကာလ လေ့လာမှု

PACE နှင့် PACE ၏ မိတ်ဖက်အဖွဲ့အစည်းဖြစ်သော Generation Tree တို့ ပူးပေါင်း၍ ရန်ကုန်တိုင်းဒေသကြီးအတွင်း ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများ ရွေးချယ်ခြင်း အကြိုကာလ လေ့လာမှုစစ်တမ်းတစ်ခုကို ကောက်ယူခဲ့ပါသည်။ စစ်တမ်းကောက်ယူသူ ၅၁ ဦးကို ခန့်အပ်၍ ဒီဇင်ဘာ ၇ရက်မှ ၁၀ရက်အတွင်း ကျပန်းနမူနာ ၁၀၀နေရာသို့ သွားရောက်စေကာ နိုင်ငံသား ၁၀၀၀ဦး (ကျပန်းနမူနာ တစ်နေရာလျှင် ၁၀ဦးစီ) ကို တွေ့ဆုံမေးမြန်းမှု ပြုလုပ်စေ၍ ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဝင် ၅၀၀ ဦး (ကျပန်းနမူနာ နေရာတစ်ခုလျှင် ၅ဦးစီ) ၏ ကိုယ်ရေးအချက်အလက်များကို ကောက်ယူစေခဲ့ပါသည်။ စစ်တမ်းကောက်ယူသူများသည် တွေ့ဆုံမေးမြန်းမှုပေါင်း ၇၉၇ခုပြုလုပ်နိုင်ခဲ့ပြီး ရွေးချယ်ပွဲကြီးကြပ်ရေးအဖွဲ့ဝင် ၄၅၀ဦး၏ အချက်အလက်များကို ကောက်ယူနိုင်ခဲ့သည်။

PACE နှင့် Generation Tree တို့သည် လေ့လာမှုစစ်တမ်း၏ တွေ့ရှိချက်များကို ဒီဇင်ဘာ ၁၆ရက်တွင် ထုတ်ပြန်ခဲ့ပြီး စင်ထရယ်ဟိုတယ်တွင် သတင်းစာရှင်းလင်းပွဲ ပြုလုပ်ခဲ့သည်။ စာနယ်ဇင်းနှင့်ရုပ်သံမီဒီယာ ၁၁ခုမှ သတင်းသမားများ တက်ရောက်၍ တွေ့ရှိချက်များအပေါ် မေးခွန်းများမေးမြန်းခဲ့ပါသည်။ စစ်တမ်းတွေ့ရှိချက်အရ ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများတွင် အမျိုးသမီးနှင့် လူငယ်ပါဝင်မှုနှုန်းမှာ လွန်စွာနည်းပါးနေသည်ကို တွေ့ရသည်။ ဖြေဆိုသူအများစုက လက်ရှိရွေးချယ်ပွဲများတွင် တစ်အိမ်ထောင်လျှင် တစ်ဦးနှုန်းမဲပေးခွင့်ထက် လူတိုင်းမဲပေးခွင့်ကို လိုလားကြသည်ကို တွေ့ရသည်။ ထို့အပြင် ကြီးကြပ်ရေးအဖွဲ့များနှင့် တွေ့ဆုံမေးမြန်းမှုများအရ အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲကျင်းပရာတွင် ကျေးရွာတစ်ခုနှင့်တစ်ခု၊ ရပ်ကွက်တစ်ခုနှင့်တစ်ခု လုပ်ထုံးလုပ်နည်းများ မတူညီကြကြောင်း သိရှိရသည်။ ထို့ကြောင့် ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်များပြုလုပ်နိုင်ရန်အတွက် PACE နှင့် Generation Tree အနေဖြင့် အောက်ပါအသေးစိတ်အချက်များကို အကြံပြုခဲ့ပါသည်။

၁။ လူတိုင်းမဲပေးခွင့်ရရှိမှုကို အာမခံနိုင်မည့် ဥပဒေ ပြင်ဆင်ပြဋ္ဌာန်းပေးရန်။

၂။ တည်ဆဲဥပဒေများအရ ကန့်သတ်ထားမှုများကို ဖြေလျှော့ပေးခြင်း၊ မဲဆန္ဒရှင်အသိပညာပေးမှုများ လုပ်ဆောင်ခြင်းတို့ဖြင့် အမျိုးသမီးများ၊ လူငယ်များပါဝင်မှုနှင့်အတူ လူထုပါဝင်မှုကို မြှင့်တင်ရန်။

၃။ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူး ရွေးချယ်ပွဲများ၏ နည်းဥပဒေ၊ စည်းမျဉ်းများ တစ်သမတ်တည်း ဖြစ်စေရန်အတွက် အရပ်ဘက်အဖွဲ့အစည်းများ၊ သက်ဆိုင်ရာအလွှာများနှင့် ပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ရန်။

၄။ ရွေးချယ်ပွဲများအပေါ်တွင် နိုင်ငံသားများ၏ စောင့်ကြည့်လေ့လာမှုများကို တရားဝင်ခွင့်ပြုပေးရန်။

၅။ ရွေးချယ်ပွဲကျင်းပမည့်နေ့၊ ရွေးချယ်ပွဲအချိန်ဇယားနှင့် မဲဆန္ဒရှင်စာရင်းများကို လူထုသို့ ထုတ်ပြန်ခြင်းဖြင့် အုပ်ချုပ်ရေးမှူးရွေးချယ်ပွဲများ၏ ပွင့်လင်းမြင်သာမှုကို မြှင့်တင်ပေးရန် စသော အချက်များကို အကြံပြုခဲ့ပါသည်။

Back To Top