skip to Main Content
‘ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲဖြစ်စဉ်များကို စောင့်ကြည့် လေ့လာမည်။ အထူးသဖြင့် မဲဆန္ဒရှင်စာရင်း ဆန်းစစ်လေ့လာမှု ကို ပြုလုပ်မည်။”

‘ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲဖြစ်စဉ်များကို စောင့်ကြည့် လေ့လာမည်။ အထူးသဖြင့် မဲဆန္ဒရှင်စာရင်း ဆန်းစစ်လေ့လာမှု ကို ပြုလုပ်မည်။”

၂၀၁၆ ခုနှစ် နိုဝင်ဘာလ (၂၁) ရက်၊ တနင်္လာနေ့။                                                          ချက်ချင်းထုတ်ပြန်ပေးပါရန်။

‘ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်မဲဆန္ဒနယ်အားလုံးတွင် ရွေးကောက်ပွဲဖြစ်စဉ်များကို စောင့်ကြည့် လေ့လာမည်။ အထူးသဖြင့် မဲဆန္ဒရှင်စာရင်း ဆန်းစစ်လေ့လာမှု ကို ပြုလုပ်မည်။”

                ရန်ကုန် နိုဝင်ဘာလ ၂၁ရက်နေ့။ ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် လစ်လပ်လျက်ရှိသောမဲဆန္ဒနယ် (၁၉) နယ်တွင် ရွေးကောက်ပွဲ ဖြစ်စဉ်တစ်ခုလုံးကို PACE အဖွဲ့မှ စောင့်ကြည့် လေ့လာမှုပြုလုပ်မည် ဖြစ်သည်။ မဲဆန္ဒရှင်စာရင်း နှင့်ပတ်သက်၍ အထူးသဖြင့် ကြေညာပြသမည့် မဲဆန္ဒရှင်စာရင်း၏အရည်အသွေးကို ဆန်းစစ်လေ့လာမှုများ ပြုလုပ်ရန်ပြင်ဆင်ထားသည်။

                “မကြာခင် ကျင်းပတော့မဲ့ ကြားဖြတ်ရွေးကောက်ပွဲတွေဟာ မဲဆန္ဒနယ်အရေအတွက်အရ နည်းတယ်ဆိုပေမယ့် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ရဲ့ အမှီအခိုကင်းလွတ်လပ်မှု၊ ကော်မရှင်အဖွဲ့ခွဲအဆင့်ဆင့်တွေရဲ့ အရည်အသွေးနဲ့ သတင်း စီးဆင်းမှု၊ မဲဆွယ်စည်းရုံးမှုဆိုင်ရာကိစ္စရပ်များ၊ မဲဆန္ဒရှင်စာရင်းပြုစုခြင်း၊ ကြိုတင်မဲပေးခြင်းနဲ့ပတ်သက်ပြီး ပွင့်လင်းမြင်သာမှု၊ ရွေးကောက်ပွဲနေ့ စီမံခန့်ခွဲမှု၊ အရပ်ဘက်လူမှုအဖွဲ့စည်းများ၏ပါဝင်မှုနဲ့ သတင်းအချက်အလက်များရယူမှု စတာတွေနဲ့ပတ်သက်ပြီး ပေးခဲ့တဲ့အကြံပြုချက်တွေကို ပြီးခဲ့တဲ့တစ်နှစ်အတွင်းမှာ ဘာတွေကို ပြင်ဆင်ပြောင်းလဲပြီးပြီလဲ ဆိုတာကိုတိုင်းတာဖို့နဲ့ ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲ မတိုင်ခင်မှာ ဘာတွေကို ထပ်ပြီး ပြင်ဆင်မှုတွေပြုလုပ်ရမလဲဆိုတာကို သိရှိနိုင်ဖို့အတွက် အလွန်အရေး ကြီးပါတယ်”လို့ PACE အဖွဲ့ရဲ့ အမှုဆောင်ဒါရိုက်တာ စိုင်းရဲကျော်စွာမြင့်က ဆိုပါတယ်။

 

စောင့်ကြည့်လေ့လာမည့် ဖြစ်စဉ်

                ၂၀၁၇ ခုနှစ် ဧပြီလ (၁) ရက်နေ့တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲများနှင့် ပတ်သက်၍ PACE အနေဖြင့် ရွေးကောက်ပွဲအကြိုကာလမှစတင်၍

(က) ကိုယ်စားလှယ်လောင်းအမည်စာရင်းတင်သွင်ခြင်း

(ခ) မဲဆွယ်စည်းရုံးရေးကာလ

(ဂ) မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုဖြစ်စဉ်

(ဃ) မဲဆန္ဒရှင်စာရင်း အရည်အသွေးဆန်းစစ်လေ့လာမှု

(င) မဲဆန္ဒနယ်အတွင်း ကြိုတင်မဲပေးခြင်း

(စ) ရွေးကောက်ပွဲနေ့ မဲပေးမှုဖြစ်စဉ်

(ဆ) မဲရလာဒ်များ စုပေါင်းရေတွက်မှုဖြစ်စဉ်များကို စောင့်ကြည့်လေ့လာမှုများ ပြုလုပ်သွားမည်ဖြစ်သည်။

                ရွေးကောက်ပွဲအကြိုကာလ စောင့်ကြည့်လေ့လာရေးကို မြို့နယ်ပေါင်း (၂၂) မြို့နယ်တွင် ကာလရှည် စောင့်ကြည့် လေ့လာသူ (၃၀) ဉီးဖြင့် စောင့်ကြည့်လေ့လာမည်ဖြစ်ပြီး၊ မဲဆန္ဒရှင်စာရင်း အရည်အသွေးဆန်းစစ်လေ့လာခြင်းကို ဆန်းစစ်လေ့လာသူ (၈၀) ဖြင့်

ဆန်းစစ်လေ့လာသွားမည်ဖြစ်သည်။ ရွေး​ကောက်ပွဲကျင်းပသည့်နေ့တွင် ကာလတိုစောင့်ကြည့်လေ့လာသူ  (၆၀၀)ကျော်ဖြင့် ကြားဖြတ် ရွေးကောက်ပွဲ ကျင်းပမည့် မြို့နယ်ပေါင်း (၂၂) မြို့နယ်လုံးတွင် ခြုံငုံစောင့်ကြည့် လေ့လာမှုများပြုလုပ်သွား မည်ဖြစ်သည်။

စောင့်ကြည့်လေ့လာပုံနည်းစနစ်

                ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံး၏ အရည်အသွေးကို ဓမ္မဌာန်ကျပြီး ဘက်လိုက်မှုကင်းသော ဆန်းစစ်လေ့လာမှုများကို ပြုလုပ်နိုင်မည့် “Systematic Observation (နည်းစနစ်ဖြင့် စောင့်ကြည့်လေ့လာခြင်း)” စနစ်ကို အသုံးပြုပါမည်။ ဉပမာအားဖြင့် ဤနည်းနာသည် ကျေးလက်ဒေသနှင့်မြို့ပြဒေသ၊ ရွေးကောက်ပွဲများ လွယ်ကူချောမွှေစွာကျင်းပနိုင်သည့်နေရာများနှင့် စိန်ခေါ်မှုများ နှင့်ရင်ဆိုင်ရသောနေရာများစသည့်အခြေအနေ နှစ်မျိုးစလုံးတွင် စောင့်ကြည့်လေ့လာသူများကိုစေလွှတ်၍ စောင့်ကြည့်လေ့လာ မှုများကို ပြုလုပ်စေခြင်းပင်ဖြစ်သည်။ ဤနည်းစနစ်ကို နိုင်ငံပေါင်း (၅၀) ကျော်ကလည်း အသုံးပြုကာ စောင့်ကြည့်လေ့လာမှုများ ပြုလုပ်ခဲ့ကြပြီးဖြစ်သည်။

                စောင့်ကြည့်လေ့လာမှုကို တရားဝင်ဆောင်ရွက်နိုင်ရန်အလို့ငှာ PACE၏ စောင့်ကြည့်လေ့လာသူအားလုံးအတွက် အသိ အမှတ်ပြုလွှာနှင့် သက်သေခံကဒ်ပြား လျှောက်ထားခြင်းကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်တွင် စတင်ဆောင်ရွက်နေပြီ ဖြစ်သည်။

အဖွဲ့အစည်းနောက်ခံအကျဉ်း

                People’s Alliance for Credible Elections (PACE) သည် အစိုးရမဟုတ်သော လွတ်လပ်သည့်ပြည်တွင်း ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေး အရပ်ဘက်အဖွဲ့အစည်းတစ်ဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်တွင် ပြည်သူပြည်သားများ၏ အခွင့်အရေးကိုကာကွယ်ခြင်းနှင့် မြန်မာနိုင်ငံတွင် ဒီမိုကရေစီအင်စတီကျုးရှင်းများ ပိုမိုအားကောင်းခိုင်မာလာရေးကို ရည်မှန်းကာ ၂၀၁၃ခုနှစ်တွင် ရန်ကုန်မြို့၌ စတင်တည်ထောင်ခဲ့ပါသည်။

                ရွေးကောက်ပွဲဖြစ်စဉ် တစ်ခုလုံးကို တစိုက်မတ်မတ်လေ့လာပြီး၊ ရွေးကောက်ပွဲဖြစ်စဉ် ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် ပြည်သူပြည်သားအားလုံး ပါဝင်နိုင်မှုအတွက် ရွေးကောက်ပွဲနှင်ပြည်သူ့နီတိဆိုင်ရာ အသိပညာပေးလုပ်ငန်းများ၊ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးနှင့် ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲရေးတို့ကို အဓိကထားဆောင်ရွက်သွားမည်ဖြစ်သည်။ PACE သည် လူ့အခွင့်အရေးကို တန်ဖိုးထားပြီးလုပ်ငန်းများကို အကောင်အထည်ဖော်ဆောင်ရွက်ရာတွင် အပြည်ပြည်ဆိုင်ရာ လူ့အခွင့်အရေး ကြေညာစာတမ်းပါ ပြဌာန်းချက်များနှင့် အညီ လူမျိုး၊ ဘာသာ၊ ကျား-မ ခွဲခြားမှုမရှိစေပဲ အကောင်အထည် ဖော်ဆောင်ရွက်လျက် ရှိပါသည်။

                ထိုအပြင် နိုင်ငံပေါင်း (၇၅) နိုင်ငံမှ ဘက်မလိုက်သည့် ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့ အစည်းပေါင်း (၁၆၀) က သဘောတူလက်မှတ်ရေးထိုးထားသည့် “ဘက်မလိုက်သော ရွေးကောက်ပွဲစောင့်ကြည့်လေ့လာရေးအဖွဲ့များ လိုက်နာရမည့် ကမ္ဘာလုံးဆိုင်ရာ ကြေညာစာတန်း (Declaration of Global Principles For Non-partisan Observation and Monitoring by Citizen Organizations)” ကို ၂၀၁၄ ခုနှစ်တွင် လက်မှတ်ရေးထိုး ခဲ့ပါသည်။ သို့ဖြစ်ပါ၍ PACE အနေဖြင့် ရွေး​ကောက်ပွဲစောင့်ကြည့် လေ့လာရေးကို ဆောင်ရွက်ရာတွင် အစိုးရအပါအဝင် မည့်သည့်နိုင်ငံရေးပါတီ၊ အဖွဲ့အစည်းတစ်ခုကိုမှ ဘက်မလိုက်ပဲ စောင့်ကြည့် လေ့လာ သွားမည် ဖြစ်သည်။

                PACE အဖွဲ့သည် ၂၀၁၅ အထွေထွေရွေးကောက်ပွဲတွင်လည်း ကာလရှည်နှင့် ကာလတို စောင့်ကြည့်လေ့လာသူ (၂၀၀၀) ကျော် ဖြင့် ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ပါသည်။

 ဆက်သွယ်ရန်။

စိုင်းရဲကျော်စွာမြင့် ([email protected])

ဟန်စိုးထွန်း ([email protected])

နေခြည် ([email protected])

ရုံးလိပ်စာ။

အမှတ် (၉၀)၊ အခန်း (7-A)၊ ကန်လမ်းကွန်ဒို၊

ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်။

+၉၅ ၉၂၅၃ ၃၇၉ ၄၄၂

https://www.facebook.com/PACEMyanmar

www.pacemyanmar.org

သတင်းထုတ်ပြန်ချက်ကိုရယူရန်

Back To Top