မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း

မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း

အစီရင်ခံစာအပြည့်အစုံ (၂၀၁၇ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်မှ ၁၄ ရက်)

 

အစီရင်ခံစာ အနှစ်ချုပ်                                                                                                                                           ၂၀၁၇ ခုနှစ် မတ်လ ၁၇ ရက်

မဲဆန္ဒရှင်စာရင်းကြေညာပြသမှုများကို စောင့်ကြည့်လေ့လာနိုင်ရန် ခွင့်ပြုခဲ့ခြင်းနှင့် မဲဆန္ဒရှင်များအနေဖြင့် ၎င်းတို့၏ အချက်အလက် များ အပြောင်းအလဲပြုလုပ်ရန်အတွက် လိုအပ်သည့် စာရွက်စာတမ်းများကို လုံလောက်ပြည့်စုံအောင် ဆောင်ရွက်ထားမှုများနှင့် ပတ် သက်၍ မဲစာရင်းမှန်ကန် ပြည့်စုံရေးအတွက်  ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ ကြိုးပမ်းအားထုတ်မှုကို PACE အဖွဲ့က အသိ အမှတ်ပြုပါသည်။

သို့သော်လည်း စောင့်ကြည့်လေ့လာနေသည့် ကာလတလျောက်လုံးတွင် မဲဆန္ဒရှင်စာရင်းလာရောက် ကြည့်ရှုစစ်ဆေးသူဦးရေ အလွန် နည်းပါးပြီး မဲစာရင်းပါ အချက်အလက်နှင့် ပတ်သက်ပြီး အပြောင်းအလဲလုပ်သူဦးရေ အနည်းငယ်သာရှိသည်ကို PACE အဖွဲ့က တွေ့ ရှိပါသည်။

သို့ဖြစ်ပါ၍ မတ်လ ၁၇ ရက်မှ ၂၅ ရက်ထိ ထပ်မံကြေညာမည့် မဲစာရင်းကို သွားရောက်ကြည့်ရှု စစ်ဆေးကြရန် ပြည်သူလူထုကို ဝိုင်း ဝန်းတိုက်တွန်း လှုံ့ဆော်နိုင်ရေးနှင့် လိုအပ်သောအစီအစဉ်များဆောင်ရွက်နိုင်ရေးအတွက် PACE အဖွဲ့အနေဖြင့် ရွေးကောက်ပွဲ ကော်မရှင်အပါအဝင် နိုင်ငံရေးပါတီများ၊ ပြည်တွင်းအရပ်ဘက် လူမှုအဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများအားလုံးကို တိုက် တွန်းပါသည်။

အဓိကတွေ့ရှိချက်များ

အောက်ပါတွေ့ရှိချက်များသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်နေရာဒေသများမှ ကျပန်းရွေးချယ်ထားသည့် ရပ်ကွက်နှင့် ကျေး ရွာအုပ်စု ၂၂ ခုတွင် ၈ ရက်တာကာလ (ဖေဖော်ဝါရီလ ၁ ရက်မှ ၁၄ ရက် အတွင်း​) PACE အဖွဲ့၏ တိုက်ရိုက်စောင့်ကြည့်လေ့လာမှုများ အပေါ် အခြေခံထားခြင်း ဖြစ်သည်။

မဲဆန္ဒရှင်အသိပညာပေးခြင်း

People’s Alliance for Credible Elections-PACE အဖွဲ့မှစောင့်ကြည့်လေ့လာသူများသည် မဲစာရင်းကြေညာပြသရာနေရာများ၏ အနီးတဝှိက်ကိုစောင့်ကြည့်လေ့လာရာတွင် နေရာ ၅ နေရာတိုင်းတွင် ၄ နေရာထက်ပိုပြီး မဲဆန္ဒရှင်အသိပညာပေးမှုဆိုင်ရာ ပစ္စည်း များကိုတွေ့ရှိရသည်။ သို့သော်မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် သက်ဆိုင်သော အစည်းအဝေးများနှင့် သင်တန်းများကိုမူ မည်သည့် နေရာတွင်မှ မတွေ့ရချေ။ စောင့်ကြည့်လေ့လာသူများ အနေဖြင့် မဲစာရင်းကြေညာပြသရာ နေရာအနီးတဝှိက်ကိုသာ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်ခဲ့ကြသဖြင့် မဲဆန္ဒရှင် အသိပညာပေး ခြင်းဆိုင်ရာ သင်တန်းများနှင့် အစည်းအဝေးများသည် အခြားနေရာများ တွင် ဆောင်ရွက်ကောင်း ဆောင်ရွက်နေနိုင်ကြခြင်း လည်းဖြစ်နိုင်ပါသည်။

အဓိကအားဖြင့်

  • ကြေညာပြသရာနေရာများ၏ ၈၂% ( ကြေညာပြသရာ နေရာ ၅ နေရာတိုင်းတွင် ၄ နေရာကျော်တွင်) နေရာတွင် မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပစ္စည်းများကိုတွေ့ရှိရပါသည်။
  • ကြေညာပြသရာနေရာများ၏ ၇၆% ခန့်တွင် ပိုစတာများနှင့် ကြေညာပြသရာနေရာများ၏ ၂၅% တွင် လက်ကမ်း စာရွက် များကို PACE အဖွဲ့စောင့်ကြည့်လေ့လာသူများက တွေ့မြင်ခဲ့ပါသည်။ ကြေညာပြသရာနေရာများ၏ ၁၁% တွင် အသံချဲ့စက် များအသုံးပြုပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည်ကိုတွေ့ရပါသည်။ စောင့်ကြည့်လေ့လာခဲ့သည့် ကာလ အတွင်းတွင် မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် ပတ်သက်သည့် မည့်သည့်အစည်းအဝေးများနှင့် သင်တန်းများ ကို PACE အဖွဲ့ စောင့်ကြည့် လေ့လာသူများက မတွေ့ရှိရပါ။
  • ကြေညာပြသရာနေရာများ၏ နေရာထက်ဝက်ကျော် (၅၂%) တွင် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသူ များကို မတွေ့ရှိရ​ချေ။ ကြေညာပြသရာနေရာများ၏ သုံးပုံတစ်ပုံ (၃၄%) တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပြီး နေရာများ၏ ၁၈% တွင် အရပ်ဘက်လူမှုအဖွဲ့ အစည်းများက အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပါသည်။

မဲစာရင်းကြေညာပြသရာနေရာများ စီမံခန့်ခွဲမှုနှင့် လိုအပ်သည့်ပစ္စည်းများ

ကြေညာပြသရာနေရာများ၏ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်သိရှိနိုင်ရန်အတွက် နေရာများ၏ အခင်းအကျင်း၊ လိုအပ်သော ပစ္စည်းများရှိ/မရှိ၊ ဖွင့်လှစ်ချိန်၊ မဲဆန္ဒရှင်များဆောင်ရွက်လိုသော ပြောင်းလဲမှုများကို တာဝန်ရှိသူများက လက်ခံပြုမူ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို PACE အဖွဲ့က စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ပါသည်။

  • ကြေညာပြသရာနေရာတော်တော်များများ (၉၅%) သည် သတ်မှတ်ထားသည့်နေ့ (ဖေဖော်ဝါရီ ၁ ရက်) တွင် စတင် ကြေညာပြသခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့သည့်ကာလ တစ်လျှောက်လုံးတွင်လည်း မဲစာရင်းပြင်ဆင်ဖြည့်စွက်မှုများကို လက်ခံဆောင်ရွက်ပေးသည်ကို တွေ့ရှိရပါသည်။
  • ကြေညာပြသရာနေရာအားလုံးတွင် PACE အဖွဲ့က စောင့်ကြည့်လေ့လာခွင့်ရရှိခဲ့ပါသည်။
  • ကြေညာပြသရာနေရာ တော်တော်များများ (၉၄%) တွင်လိုအပ်သော ပုံစံများအားလုံးရှိကြပြီး မဲဆန္ဒရှင်စာရင်းကိုလည်း ကြေညာပြသ ထားသည်ကို တွေ့ရပါသည်။
  • ကြေညာပြသရာနေရာများ၏ ၈၁% သည် သက်ကြီးရွယ်အိုများနှင့် မသန်စွမ်းသူများအပါအဝင် မဲဆန္ဒရှင်များအားလုံး အလွယ်တကူ ကြည့်ရှုနိုင်ရန်အတွက် ပြင်ဆင်ခင်းကျင်းထားပါသည်။
  • ကြေညာပြသရာနေရာများ၏ ၉၄% တွင်တာဝန်ရှိသူများ ရှိနေကြပြီး အဆိုပါနေရာများ၏ ၉၃% တွင် တာဝန်ရှိသူများက မဲဆန္ဒရှင်များကို တန်းတူညီမျှ ကူညီဆောင်ရွက်ပေးကြပါသည်။

နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်မှု

ကြေညာပြသသည့်နေရာအများစုတွင် မည်သည့်နိုင်ငံရေးပါတီများ၏ တာဝန်ရှိသူများ  (သို့) အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စေတနာ့ဝန်ထမ်းများကို ကြေညာပြသမှုကို စောင့်ကြည့်နေစဉ်ကာလအတွင်းတွင် မတွေ့ရှိရချေ။

  • ကြေညာပြသရာနေရာများ၏ ၈၆% ခန့်တွင် မည်သည့် နိုင်ငံရေးပါတီ/ကိုယ်စားလှယ်လောင်းများ၏ကိုယ်စားလှယ်များကို PACE အဖွဲ့က တွေ့ရှိခြင်းမရှိပါ။ ကြေညာပြသရာနေရာများ၏ ၉% တွင် NLD ပါတီမှ တာဝန်ရှိသူများကို တွေ့ရပြီး ၇% တွင် USDP ပါတီကိုတွေ့ရသည်။
  • ကြေညာပြသရာနေရာများ၏ ၈၀% ခန့်တွင် မည်သည့်အရပ်ဘက်လူမှုအဖွဲ့အစည်းကိုမျှ PACE အဖွဲ့က တွေ့ရှိခြင်းမရှိပါ။

မဲဆန္ဒရှင်များလာရောက်ကြည့်ရှုမှုနှုန်း နှင့် ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းခံခြင်း

PACE အဖွဲ့က စောင့်ကြည့်လေ့လာခဲ့သောနေရာများတွင် မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုမှုနှုန်း အလွန်နည်းပါးသည်ကို ယေဘုယျ အား ဖြင့်တွေ့ရှိရပါသည်။

  • မဲစာရင်းကြေညာပြသရာနေရာများ၏ ၉၁% တွင် လူအနည်းငယ် (၀-၁၅ ဦး) ကသာ ၎င်းတို့၏ အမည်များကို လာရောက် ကြည့်ရှုစစ်ဆေးကြသည်ကို တွေ့ရသည်။
  • မဲစာရင်းကြေညာပြသရာနေရာများ၏ ၅၇% တွင်မည်သည့်မဲဆန္ဒရှင်ကမှ ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်ရန် ပုံစံများတင် သွင်းသည်ကို PACE အဖွဲ့အနေဖြင့် မတွေ့ခဲ့ရပါ။ ၃၅% တွင် မဲဆန္ဒရှင်အနည်းငယ် (၁-၁၀ ဦး) ကသာ မဲဆန္ဒရှင်စာရင်းကို ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်ရန် ပုံစံများကိုတင်သွင်းခဲ့ပါသည်။

ခြိမ်းခြောက်ခြင်းနှင့် ဝင်ရောက်နှောက်ယှက်မှု

လုံခြုံမှုရှိသောပတ်ဝန်းကျင်အနေအထားသည် မဲဆန္ဒရှင်များလာရောက်ကြည့်ရှုမှုနှုန်း အနည်းအများအပေါ် သက်ရောက်မှုရှိစေသည့် အရေးပါသော အချက်များအနက် တစ်ခုဖြစ်ပါသည်။ PACE အဖွဲ့အနေဖြင့် ကြေညာပြသရာနေရာများနှင့် အနီးတစ်ဝှိက်တွင် တစ်စုံ တစ်ရာ ခြိမ်းခြောက်မှုများ ရှိ/မရှိကို စောင့်ကြည့်လေ့လာခဲ့ပါသည်။ ကြေညာပြသရာနေရာများ၏ အားလုံးနီးပါးတွင် မဲဆန္ဒရှင်များကို ခြိမ်း ခြောက်ခြင်း (သို့) တာဝန်နှင့်မသက်ဆိုင်သူများက ဝင်ရောက်နှောက်ယှက်မှုများကို PACE အဖွဲ့အနေဖြင့် မတွေ့ရှိပါ။

  • ​ ကြေညာပြသရာနေရာများ၏ အားလုံးနီးပါးတွင် မဲဆန္ဒရှင်များကို ခြိမ်းခြောက်မှုများအား PACE အဖွဲ့က မတွေ့ရှိပါ။
  • ​ ကြေညာပြသရာနေရာများ၏ အားလုံးနီးပါးတွင် တာဝန်နှင့်မသက်ဆိုင်သူများ၏ ဝင်ရောက်နှောက်ယှက်မှုများကို PACE အဖွဲ့က မတွေ့ရှိရချေ။

အကြံပြုချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

  • မတ်လတွင် ၁၇ ရက်တွင် စီစဉ်ထားသည့် ဒုတိယအကြိမ် ကြေညာပြသမှုအတွက် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများနှင့် လှုံ့ဆော်ရေးလုပ်ငန်းများကို ပိုမို အရှိန်မြှင့် ဆောင်ရွက်ရန်။
  • ကြေညာပြသမည့်အစီအစဉ်အသေးစိတ် (နေရာ၊ အချိန်၊ နည်းလမ်း) ပတ်သက်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့် သိ ရှိစေမည့် အစီအမံများကို ထိထိရောက်ရောက်ဆောင်ရွက်ရန်။

နိုင်ငံရေးပါတီများ

  • မဲဆန္ဒရှင်များ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ဆောင်လာစေရန် အတွက် တိုက်တွန်းနိုးဆော်ရေး နှင့် အသိပညာပေးရေးကိစ္စများကို နည်းဗျူဟာများ ချမှတ်ကာ တိုးမြှင့်ဆောင်ရွက်ကြရန်။

ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ

  • ဒုတိယအကြိမ် မဲစာရင်းကြေညာပြသမှုအတွက် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရာတွင် အားနည်းနေ သေးသည့် နေရာဒေသများကိုရှာဖွေကာ လှုံ့ဆော်ပညာပေးမှုလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်။

စောင့်ကြည့်လေ့လာမှုနည်းနာ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစတင်သည့် မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာရန်အတွက် PACE အဖွဲ့က ကာလရှည်စောင့်ကြည့်လေ့လာသူ ၃၀ ဦးကို  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့် ပြည်နယ်နှင့်တိုင်းဒေသကြီး ၈ ခုမှ မြို့နယ်များအတွင်းရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၃၀ ကို စေလွှတ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၄ ရက်အတွင်း PACE စောင့်ကြည့်လေ့လာသူတစ်ဦးစီသည် ၎င်းတို့တာဝန်ကျရာ မဲစာရင်းကြေညာပြသသည့်နေရာများတွင် ကြေညာပြသမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာကြမည်ဖြစ်သည်။ စောင့်ကြည့်လေ့လာသူအားလုံးကို မဲဆန္ဒရှင်စာရင်းပြင်ဆင်ဖြည့်စွက်သည့်ဖြစ်စဉ်၊ ပါတီစွဲ ကင်းသည့် စောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ၊ စောင့်ကြည့် လေ့လာမှုဆိုင်ရာပုံစံများဖြည့်စွက်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ PACE ရန်ကုန်ရုံးသို့ သတင်းပြန်လည်ပေးပို့ခြင်း စသည်တို့နှင့် သက်ဆိုင်သော အကြောင်းအရာများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီလ အစောပိုင်းတွင် ရန်ကုန်မြို့ ၌ သင်ကြားပေးခဲ့ပါသည်။

မဲဆန္ဒရှင်စာရင်းကြေညာပြသမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာရာတွင် လုပ်ငန်းစဉ်၏ အရည်အသွေးကိုသာစောင့်ကြည့်လေ့လာမှုပြု လုပ်ခဲ့ပြီး မဲဆန္ဒရှင်များနှင့် ပတ်သက်သည့်သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှု (သို့) မည်သူများမဲစာရင်းတွင် မပါဝင်ဘဲ ကျန်ရှိခဲ့သည်ကို လေ့လာမှုများ မပြုလုပ်ခဲ့ပါ။ အထူးသဖြင့် မဲဆန္ဒရှင်များပါဝင်မှုအတိုင်းအတာ၊ ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ စွမ်းဆောင် နိုင်မှုနှင့် လုပ်ထုံးလုပ်နည်းများ၏ အဆင်ပြေချောမွေ့မှု နှင့် ပါတီများမှ တာဝန်ရှိသူများရှိနေမှု တို့ကို PACE အဖွဲ့က စောင့်ကြည့်လေ့ လာမှုများပြုလုပ်ခဲ့ပါသည်။ PACE အဖွဲ့၏ ကာလရှည်စောင့်ကြည့်လေ့လာသူတစ်ဦးချင်းစီကို အဖွဲ့မှ သတ်မှတ် ပေးထားသော မဲစာရင်းပြသရာ နေရာတစ်ခုစီတွင် ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်လေ့လာရန်အတွက် ကြေညာပြသမည့် အချိန် ကာလ သီတင်း နှစ်ပတ် တွင် ၈ ရက် တာဝန်ပေးအပ်ထားပါသည်။