မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း ကနဦးအစီရင်ခံစာ

မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း ကနဦးအစီရင်ခံစာ

မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း

ပထမရက်သတ္တပတ်တွေ့ရှိချက်များ

၂၀၁၇ ခုနှစ် ဇန်နဝါရီလ ၁၃ ရက်

အောက်ပါတွေ့ရှိချက်များသည် ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်နေရာဒေသများရှိ ကျပန်းရွေးချယ်ထားသည့် ရပ်ကွက်နှင့် ကျေးရွာ အုပ်စု ၂၂ ခုတွင် ၄ ရက်တာကာလ (ဖေဖော်ဝါရီလ ၂ ရက်မှ ၅ ရက်) အတွင်း​ PACE အဖွဲ့၏ တိုက်ရိုက်စောင့်ကြည့်လေ့လာ မှုများအပေါ် အခြေခံထားခြင်းဖြစ်သည်။

 

မဲဆန္ဒရှင်အသိပညာပေးခြင်း

People’s Alliance for Credible Elections-PACE အဖွဲ့မှစောင့်ကြည့်လေ့လာသူများသည် မဲစာရင်းကြေညာပြသရာနေရာများ၏ အနီးတဝှိက်ကိုစောင့်ကြည့်လေ့လာရာတွင် နေရာ ၅ နေရာတိုင်းတွင် ၄ နေရာထက်ပိုပြီး မဲဆန္ဒရှင်အသိပညာပေးမှုဆိုင်ရာ ပစ္စည်း များကိုတွေ့ရှိရသည်။ သို့သော်မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် သက်ဆိုင်သော အစည်းအဝေးများနှင့် သင်တန်းများကိုမူ မည်သည့် နေရာတွင်မှ မတွေ့ရချေ။ စောင့်ကြည့်လေ့လာသူများ အနေဖြင့် မဲစာရင်းကြေညာပြသရာ နေရာအနီးတဝှိက်ကိုသာ စောင့်ကြည့် လေ့လာမှုများ ပြုလုပ်ခဲ့ကြသဖြင့် မဲဆန္ဒရှင် အသိပညာပေး ခြင်းဆိုင်ရာ သင်တန်းများနှင့် အစည်းအဝေးများသည် အခြားနေရာများ တွင် ဆောင်ရွက် ကောင်း ဆောင်ရွက်နေနိုင်ကြခြင်း လည်းဖြစ်နိုင်ပါသည်။

အဓိကအားဖြင့်

  • ကြေညာပြသရာနေရာများ၏ ၈၂% ( ကြေညာပြသရာ နေရာ ၅ နေရာတိုင်းတွင် ၄ နေရာကျော်တွင်) နေရာတွင် မဲဆန္ဒရှင် အသိပညာပေးခြင်းဆိုင်ရာ ပစ္စည်းများကိုတွေ့ရှိရပါသည်။ သို့သော်ကြေညာပြသရာနေရာများ၏ ၁၈% နီးပါးတွင် မည်သည့် မဲဆန္ဒရှင်အသိပညာပေးခြင်းဆိုင်ရာပစ္စည်းများကို PACE အဖွဲ့အနေဖြင့် မတွေ့ရချေ။
  • ကြေညာပြသရာနေရာများ၏ ၇၅% ခန့်တွင် ပိုစတာများနှင့် ကြေညာပြသရာနေရာများ၏ ၂၄% တွင် လက်ကမ်း စာရွက် များကို PACE အဖွဲ့စောင့်ကြည့်လေ့လာသူများက တွေ့မြင်ခဲ့ပါသည်။ ကြေညာပြသရာနေရာများ၏ ၁၂% တွင် အသံချဲ့စက် များအသုံးပြုပြီး အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည်ကိုတွေ့ရပါသည်။ စောင့်ကြည့်လေ့လာခဲ့သည့် ကာလ အတွင်းတွင် မဲဆန္ဒရှင်အသိပညာပေးခြင်းနှင့် ပတ်သက်သည့် မည့်သည့်အစည်းအဝေးများနှင့် သင်တန်းများကို PACE အဖွဲ့ စောင့်ကြည့် လေ့လာသူများက မတွေ့ရှိရပါ။
  • ကြေညာပြသရာနေရာများ၏ နေရာထက်ဝက်ကျော် (၅၂%) တွင် မဲဆန္ဒရှင်အသိပညာပေး လုပ်ငန်းများ ဆောင်ရွက်နေသူ များကိုမတွေ့ရှိရ​ချေ။ ကြေညာပြသရာနေရာများ၏ သုံးပုံတစ်ပုံ (၃၄%)တွင် ရွေးကောက်ပွဲကော်မရှင်အဖွဲ့ခွဲများက မဲဆန္ဒရှင် အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပြီး နေရာများ၏ ၁၈% တွင် အရပ်ဘက်လူမှုအဖွဲ့ အစည်းများက အသိပညာပေးလုပ်ငန်းများဆောင်ရွက်နေသည်ကို တွေ့ရှိခဲ့ရပါသည်။

 

မဲစာရင်းကြေညာပြသရာနေရာများ စီမံခန့်ခွဲမှုနှင့် လိုအပ်သည့်ပစ္စည်းများ

ကြေညာပြသရာနေရာများ၏ စီမံခန့်ခွဲမှုဆိုင်ရာ လုပ်ထုံးလုပ်နည်းများကို နားလည်သိရှိနိုင်ရန်အတွက် နေရာများ၏ အခင်းအကျင်း၊ လိုအပ်သော ပစ္စည်းများရှိ/မရှိ၊ ဖွင့်လှစ်ချိန်၊ မဲဆန္ဒရှင်များဆောင်ရွက်လိုသော ပြောင်းလဲမှုများကို တာဝန်ရှိသူများက လက်ခံပြုမူ ဆောင်ရွက်ရာတွင် ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ လုပ်ထုံးလုပ်နည်းများနှင့် အညီ ဆောင်ရွက်ခြင်းရှိ/မရှိကို PACE အဖွဲ့က စောင့်ကြည့်လေ့လာမှုများပြုလုပ်ခဲ့ပါသည်။

  • ကြေညာပြသရာနေရာများ၏ ၉၅% သည် သတ်မှတ်ထားသည့်နေ့ (ဖေဖော်ဝါရီ ၁ ရက်) တွင်စတင်ကြေညာပြသခဲ့ပြီး စောင့်ကြည့်လေ့လာခဲ့သည့်ကာလ တစ်လျှောက်လုံးတွင်လည်း မဲစာရင်းပြင်ဆင်ဖြည့်စွက်မှုများကို လက်ခံဆောင်ရွက်ပေး သည်ကို တွေ့ရှိရပါသည်။
  • ကြေညာပြသရာနေရာအားလုံးတွင် PACE အဖွဲ့က စောင့်ကြည့်လေ့လာခွင့်ရရှိခဲ့ပါသည်။
  • ကြေညာပြသရာနေရာများ၏ ၉၄% တွင်လိုအပ်သော ပုံစံများအားလုံးရှိကြပြီး မဲဆန္ဒရှင်စာရင်းကို ကြေညာပြသထားသည် ကို တွေ့ရပါသည်။
  • ကြေညာပြသရာနေရာများ၏ ၇၇% တွင်သက်ကြီးရွယ်အိုများ နှင့် မသန်စွမ်းသူများအပါအဝင် မဲဆန္ဒရှင်များအားလုံး အလွယ်တကူကြည့်ရှုနိုင်စေရန်အတွက် မဲဆန္ဒရှင်စာရင်းကို ခင်းကျင်းပြသထားပါသည်။
  • ကြေညာပြသရာနေရာများ၏ ၉၄% တွင်တာဝန်ရှိသူများ ရှိနေကြပြီး အဆိုပါနေရာများ၏ ၈၈% တွင် တာဝန်ရှိသူများက မဲဆန္ဒရှင်များကို တန်းတူညီမျှ ကူညီဆောင်ရွက်ပေးကြပါသည်။

နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများ ပါဝင်မှု

ကြေညာပြသသည့်နေရာအများစုတွင် မည်သည့်နိုင်ငံရေးပါတီများ၏တာဝန်ရှိသူများ  (သို့) အရပ်ဘက်လူမှုအဖွဲ့အစည်းများ၏ စေတနာ့ဝန်ထမ်းများကို ကြေညာပြသသည့် ပထမသတင်းပတ်အတွင်းတွင် မတွေ့ရှိရချေ။

  • ကြေညာပြသရာနေရာများ၏ ၈၆% ခန့်တွင် မည်သည့် နိုင်ငံရေးပါတီ/ကိုယ်စားလှယ်လောင်းများ၏ကိုယ်စားလှယ်များကို PACE အဖွဲ့က တွေ့ရှိခြင်းမရှိပါ။
  • ကြေညာပြသရာနေရာများ၏ ၇၈% ခန့်တွင် မည်သည့်အရပ်ဘက်လူမှုအဖွဲ့အစည်းကိုမျှ PACE အဖွဲ့က တွေ့ရှိခြင်းမရှိပါ။

 

မဲဆန္ဒရှင်များလာရောက်ကြည့်ရှုမှုနှုန်း နှင့် ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်ရန် တောင်းခံခြင်း

PACE အဖွဲ့က စောင့်ကြည့်လေ့လာခဲ့သောနေရာများတွင် မဲဆန္ဒရှင်များ လာရောက်ကြည့်ရှုမှုနှုန်း အလွန်နည်းပါးသည်ကို ယေဘုယျ အား ဖြင့်တွေ့ရှိရပါသည်။

  • စောင့်ကြည့်လေ့လာခဲ့သောနေရာများ၏ ၅၇% တွင်မည်သည့်မဲဆန္ဒရှင်ကမှ ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်ရန်ပုံစံများတင် သွင်းသည်ကို PACE အဖွဲ့အနေဖြင့် မတွေ့ခဲ့ရပါ။ ၃၉% တွင် မဲဆန္ဒရှင်အနည်းငယ် (၁-၁၀ ဦး) ကသာ မဲဆန္ဒရှင်စာရင်းကို ပြင်ဆင်ပြောင်းလဲမှုများပြုလုပ်ရန် ပုံစံများကိုတင်သွင်းခဲ့ပါသည်။

 

ခြိမ်းခြောက်ခြင်းနှင့် ဝင်ရောက်နှောက်ယှက်မှု

လုံခြုံမှုရှိသောပတ်ဝန်းကျင်အနေအထားသည် မဲဆန္ဒရှင်များလာရောက်ကြည့်ရှုမှုနှုန်း အနည်းအများအပေါ် သက်ရောက်မှုရှိစေသည့် အရေးပါသော အချက်များအနက် တစ်ခုဖြစ်ပါသည်။ PACE အဖွဲ့အနေဖြင့် ကြေညာပြသရာနေရာများနှင့် အနီးတစ်ဝှိက်တွင် တစ်စုံတစ်ရာ ခြိမ်းခြောက်မှုများ ရှိ/မရှိကို စောင့်ကြည့်လေ့လာခဲ့ပါသည်။ ကြေညာပြသရာနေရာများ၏ အားလုံးနီးပါးတွင် မဲဆန္ဒရှင်များကို ခြိမ်း ခြောက်ခြင်း (သို့) တာဝန်နှင့်မသက်ဆိုင်သူများက ဝင်ရောက်နှောက်ယှက်မှုများကို PACE အဖွဲ့အနေဖြင့် မတွေ့ရှိပါ။

  • ​ ကြေညာပြသရာနေရာများ၏ အားလုံးနီးပါးတွင် မဲဆန္ဒရှင်များကို ခြိမ်းခြောက်မှုများအား PACE အဖွဲ့က မတွေ့ရှိပါ။
  • ​ ကြေညာပြသရာနေရာများ၏ အားလုံးနီးပါးတွင် တာဝန်နှင့်မသက်ဆိုင်သူများ၏ ဝင်ရောက်နှောက်ယှက်မှုများကို PACE အဖွဲ့က မတွေ့ရှိရချေ။

 

အကြံပြုချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

  • မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများနှင့် လှုံ့ဆော်ရေးလုပ်ငန်းများကို ကြေညာပြသမှုကျန်ရှိနေသောရက်များတွင် ပိုမို အရှိန်မြှင့် ဆောင်ရွက်ရန်။
  • ကြေညာပြသမှုကို ရက်တိုးဆောင်ရွက်မည်ဆိုပါက ကြေညာပြသမည့်အစီအစဉ် (နေရာ၊ အချိန်၊ နည်းလမ်း) ပတ်သက်ပြီး ပြည်သူလူထု ကျယ်ကျယ်ပြန့်ပြန့်သိရှိစေမည့် အစီအမံများကို ထိထိရောက်ရောက်ဆောင်ရွက်ရန်။

နိုင်ငံရေးပါတီများ

  • မဲဆန္ဒရှင်များ မဲဆန္ဒရှင်စာရင်း သွားရောက်ကြည့်ရှုစစ်ဆေးပြီး လိုအပ်ပါက ပြင်ဆင်ဖြည့်စွက်မှုများ လုပ်ဆောင်ကြရန် အတွက် တိုက်တွန်းနိုးဆော်မှုများ၊ အသိပညာပေးမှုများကို တိုးမြှင့်ဆောင်ရွက်ကြရန်။

ပြည်တွင်းအရပ်ဘက်လူမှုအဖွဲ့အစည်းများ

  • မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ အားနည်းနေသေးသည့်နေရာဒေသများကိုရှာဖွေကာ လှုံ့ဆော်ပညာပေးမှုလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့်ဆောင်ရွက်သွားရန်။

 

စောင့်ကြည့်လေ့လာမှုနည်းနာ

၂၀၁၇ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်ကစတင်သည့် မဲဆန္ဒရှင်စာရင်း ကြေညာပြသမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာရန်အတွက် PACE အဖွဲ့က ကာလရှည်စောင့်ကြည့်လေ့လာသူ ၂၂ ဦးကို  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်ဒေသများရှိ ရပ်ကွက်နှင့် ကျေးရွာအုပ်စု ၂၂ ခုကို စေလွှတ်ခဲ့ပါသည်။ ဖေဖော်ဝါရီလ ၁ ရက်မှ ၁၄ ရက်အတွင်း PACE စောင့်ကြည့်လေ့လာသူတစ်ဦးစီသည် ၎င်းတို့တာဝန်ကျရာ မဲစာရင်းကြေညာပြသသည့်နေရာများတွင် ကြေညာပြသမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာကြမည်ဖြစ်သည်။ စောင့်ကြည့်လေ့လာသူ အားလုံးကို မဲဆန္ဒရှင်စာရင်းပြင်ဆင်ဖြည့်စွက်သည့်ဖြစ်စဉ်၊ ပါတီစွဲကင်းသည့် စောင့်ကြည့်လေ့လာသူများ၏ ကျင့်ဝတ်များ၊ စောင့်ကြည့် လေ့လာမှုဆိုင်ရာပုံစံများဖြည့်စွက်ခြင်း၊ အချိန်နှင့်တစ်ပြေးညီ PACE ရန်ကုန်ရုံးသို့ သတင်း ပြန်လည်ပေးပို့ခြင်း စသည်တို့နှင့် သက်ဆိုင် သော အကြောင်းအရာများကို ၂၀၁၇ ခုနှစ် ဇန်နဝါရီအစောပိုင်းတွင် ရန်ကုန်မြို့ ၌ သင်ကြားပေးခဲ့ပါသည်။

မဲဆန္ဒရှင်စာရင်းကြေညာပြသမှုဖြစ်စဉ်ကို စောင့်ကြည့်လေ့လာရာတွင် လုပ်ငန်းစဉ်၏ အရည်အသွေးကိုသာစောင့်ကြည့်လေ့လာမှုပြု လုပ်ခဲ့ပြီး မဲဆန္ဒရှင်များနှင့် ပတ်သက်သည့်သတင်းအချက်အလက်များ၏ တိကျမှန်ကန်မှု (သို့) မည်သူများမဲစာရင်းတွင် မပါဝင်ဘဲ ကျန်ရှိခဲ့သည်ကို လေ့လာမှုများ မပြုလုပ်ခဲ့ပါ။ အထူးသဖြင့် မဲဆန္ဒရှင်များပါဝင်မှုအတိုင်းအတာ၊ ကော်မရှင်အဖွဲ့ခွဲအသီးသီး၏ စွမ်းဆောင် နိုင်မှုနှင့် လုပ်ထုံးလုပ်နည်းများ၏ အဆင်ပြေချောမွေ့မှု နှင့် ပါတီများမှ တာဝန်ရှိသူများရှိနေမှု တို့ကို PACE အဖွဲ့က စောင့်ကြည့်လေ့ လာမှုများပြုလုပ်ခဲ့ပါသည်။ PACE အဖွဲ့၏ ကာလရှည်စောင့်ကြည့်လေ့လာသူတစ်ဦးချင်းစီကို အဖွဲ့မှ သတ်မှတ် ပေးထား သော မဲစာရင်းပြသရာ နေရာတစ်ခုစီတွင် ဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်လေ့လာရန်အတွက် ကြေညာပြသမည့် အချိန် ကာလ သီတင်း ၂ ပတ် တွင် ၈ ရက် တာဝန်ပေးအပ်ထားပါသည်။

အဖွဲ့နောက်ခံအကျဉ်း

အဖွဲ့အစည်းနောက်ခံအကျဉ်း။ ယုံကြည်ရသောရွေးကောက်ပွဲမျာပေါ်ပေါက်ရေးပြည်သူများပူးပေါင်းလှုပ်ရှားမှုအဖွဲ့ (People’s Alliance for Credible Elections-PACE) သည် လွတ်လပ်ပြီးအမှီအခိုကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းရွေးကောက်ပွဲ စောင့်ကြည့် လေ့လာသည့်အဖွဲ့ဖြစ်သည်။ ရွေးကောက်ပွဲဖြစ်စဉ်ပွင့်လင်းမြင်သာမှု၊ တာဝန်ခံမှုနှင့် နိုင်ငံသားများ၏ပါဝင်ခွင့်ပိုမိုတိုး တက်မြှင့်လာစေရန် နိုင်ငံသားအခွင့်အရေးအသိပညာပေးခြင်း၊ ရွေးကောက်ပွဲစောင့်ကြည့်လေ့လာခြင်းနှင့် ရွေးကောက်ပွဲပြုပြင် ပြောင်းလဲရေးကို ဆောင်ရွက် လျှက်ရှိပါသည်။

ဆက်သွယ်ရန်

မနေခြည်။ ၀၉ ၇၉၇၉ ၆၉၆၉ ၄၊ [email protected]

၉၀၊ ၇-အေ၊ ကန်လမ်းကွန်ဒို၊ ကန်လမ်း၊ လှိုင်မြို့နယ်၊ ရန်ကုန်

https://www.pacemyanmar.org

https://www.facebook.com/PACEMyanmar/

Preliminary Finding of Voter List Display Observation (English)

မဲဆန္ဒရှင်စာရင်းကြေညာပြသမှု စောင့်ကြည့်လေ့လာခြင်း အစီရင်ခံစာရယူရန်