ကြားဖြတ်ရွေးကောက်ပွဲအတွက် ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ ERCB ၏သဘောထားထုတ်ပြန်ချက်

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့-ERCB က ဧပြီလကြားဖြတ်ရွေးကောက်ပွဲကျင်းပမည်ကို သိရှိသူနည်းပါးသဖြင့် မဲလာပေးသူဦးရေ ကျဆင်းနိုင်သည်ကို စိုးရိမ်

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့

Electoral Reform Coordination Body – ERCB

သတင်းထုတ်ပြန်ချက်

၂၀၁၇ ခုနှစ် မတ်လ ၄ ရက်

ချက်ခြင်းထုတ်ပြန်ရန်

လစ်လပ်မဲဆန္ဒနယ်များထဲမှနေရာ ၁၉ ခုအတွက် ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲလုပ်ငန်းစဉ်များ၏ အချိန်စာရင်းကို  ၆ လ ခန့် ကြိုတင်ကြေညာခဲ့ခြင်း၊ မဲရုံတည်နေရာနှင့် အချက်အလက်များကို အများပြည်သူသိရှိစေရန် ကြေညာခဲ့ခြင်း၊ အရပ်ဘက်အဖွဲ့ အစည်းများနှင့် ပူးပေါင်း၍ မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများ ဆောင်ရွက်ခြင်းတို့သာမက ပြည်တွင်းနှင့် နိုင်ငံတကာစောင့်ကြည့် လေ့လာသူများ၏ အကြံပြုချက်များအတိုင်း နည်းဥပဒေနှင့်လုပ်ထုံးလုပ်နည်းအချို့ကို ပြင်ဆင်ဖြည့်စွက်ခြင်း စသည့်လုပ်ငန်းစဉ်များ ကို ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်က ဆောင်ရွက်ခဲ့သည်ကို တွေ့ရှိရပါသည်။ ကော်မရှင်အနေဖြင့် ကျင်းပမည့်ကြားဖြတ် ရွေးကောက်ပွဲတွင်  ၎င်း၏ ပွင့်လင်းမြင်သာမှု၊ နိုင်ငံသားအားလုံးပါဝင်နိုင်မှုနှင့် တာဝန်ခံမှုပိုမိုမြင့်မားလာစေရေးအတွက် ဆောက်ရွက် နေသည်ကို အသိ အမှတ်ပြုပါသည်။

အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့်လည်း  ကြားဖြတ်ရွေးကောက်ပွဲကျင်းပမည့်လစ်လပ်မဲဆန္ဒနယ် ၁၉ နေရာ ( ၂၂ မြို့နယ်) တွင် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများဆောင်ရွက်ခြင်းနှင့် ရွေးကောက်ပွဲဖြစ်စဉ်စောင့်ကြည့်လေ့လာရေးဆိုင်ရာလုပ်ငန်းများကို ဆောင် ရွက်နေကြပြီဖြစ်သည်။ သို့သော်လည်း ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်နှင့် အချို့သောအရပ်ဘက်အဖွဲ့အစည်းများ၏ လေ့လာ တွေ့ရှိချက်များအရ ပြည်သူလူထုအနေဖြင့် ဖေဖော်ဝါရီလတွင် ကြေညာပြသခဲ့သောမဲစာရင်းကို လာရောက်ကြည့်ရှုသူ ဦးရေ နည်းပါးသည်ကို တွေ့ရပါသည်။ ထို့အပြင် ကြားဖြတ်ရွေးကောက်ပွဲနှင့် ပတ်သက်ပြီးသိရှိမှုလည်း နည်းနေသည်ကို တွေ့ရပါသည်။ ထို့ကြောင့် ၂၀၁၇ ခုနှစ် ဧပြီလ ၁ ရက်တွင်ကျင်းပမည့် ကြားဖြတ်ရွေးကောက်ပွဲတွင် မဲလာပေးသူဦးရေနည်းပါးမည်ကို စိုးရိမ် ပါသည်။

သို့ဖြစ်ပါ၍ ပြည်သူလူထု၏စိတ်ဝင်စားမှုနှင့် ကြားဖြတ်ရွေးကောက်ပွဲတွင် လူထုပါဝင်မှုမြှင့်မားလာစေရန် ရွေးကောက်ပွဲမူဘောင် ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့  (ERCB) က အောက်ပါတို့ကို အကြံပြုလိုပါသည်၊

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်

  • ကြားဖြတ်ရွေးကောက်ပွဲဆိုင်ရာအချက်အလက်များနှင့် မဲဆန္ဒရှင်အသိပညာပေးခြင်းတို့ကို ပြည်သူများပိုမိုသိရှိအောင် ရုပ်မြင်သံကြား၊ ရေဒီယို၊ SMS (စာတို)ပို့ခြင်း၊ သတင်းစာ/ဂျာနယ်တို့တွင် ထည့်သွင်းကြေငြာခြင်းစသည့် သမာရိုးကျ နည်းလမ်းများအပြင် အများပြည်သူ နှင့် တိုက်ရိုက်ထိတွေ့ဆက်ဆံနိုင်မည့်နည်းလမ်းများကို သုံးပြီးအသိပေးရန်။

(ဥပမာ- ပြည်သူလူထုနှင့်အပြန်အလှန်တွေ့ဆုံဆွေးနွေးပွဲများ၊ လူထုလှုံ့ဆော်ပွဲများ၊ ဒေသအလိုက်ပွဲတော်များကို အသုံးပြုကာ အသိပညာပေးခြင်း၊ ဖျော်ဖြေရေးပွဲများကို အသုံးပြုခြင်း စသဖြင့်)

  • ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်အပါအဝင် ကော်မရှင်အဖွဲ့ခွဲများနှင့် ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများအကြား တိုက်ရိုက်ဆက်သွယ်ဆောင်ရွက်နိုင်မည့် နည်းလမ်းများကို ပိုမိုအားကောင်းလာအောင်တည်ဆောက်ရန်။

ကြားဖြတ်ရွေးကောက်ပွဲတွင်ပါဝင်မည့် နိုင်ငံရေးပါတီများ

  • နိုင်ငံရေးပါတီများအနေဖြင့် မဲဆွယ်စည်းရုံးမှုများကို (Code of Conduct) ကျင့်ဝတ်များနှင့် အညီ ဆောင်ရွက်ကြရန်။
  • မဲဆွယ်စည်းရုံးရေးလုပ်ငန်းများပြုလုပ်ရာတွင် ပါတီမဲဆွယ်ရေးအပြင် မဲဆန္ဒရှင်အသိပညာပေးမှုများကိုပါ ထည့်သွင်းရန်။

နိုင်ငံတကာအဖွဲ့အစည်းများနှင့် အလှူရှင်အဖွဲ့အစည်းများ

  • အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကြားဖြတ်ရွေးကောက်ပွဲဖြစ်စဉ်အပြင် ၂၀၂၀ ခုနှစ် အထွေထွေရွေးကောက်ပွဲမတိုင်မီ ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးဖြစ်စဉ်များတွင်ပိုမိုပါဝင်နိုင်ရန် နည်းပညာနှင့်အခြားကူညီထောက်ပံ့မှုများ တိုးပေးရန်။
  • ရွေးကောက်ပွဲကော်မရှင်နှင့် ပြည်တွင်းအဖွဲ့စည်းများကို ဘဏ္ဍာရေးနှင့်နည်းပညာများကူညီပေးရာတွင် ကြားဖြတ်ရွေး ကောက်ပွဲအတွက်သာမက ရေရှည်တွင် ရွေးကောက်ပွဲဖြစ်စဉ်ပိုမိုကောင်းမွန်လာစေရေးကို ဦးတည်၍ အဖွဲ့အစည်းများ၏ ရေရှည်တည်တံ့ မှုနှင့် လွတ်လပ်ပြီးအမှီအခိုကင်းမှု ကို အထောက်အပံ့ဖြစ်စေသည့် နည်းလမ်းများဖြင့်ပေးရန်။
  • နိုင်ငံတကာအလှူရှင်အဖွဲ့အစည်းများ အနေဖြင့်လည်းရွေးကောက်ပွဲဆိုင်ရာ လုပ်ငန်းများတွင် ပါဝင်ဆောင်ရွက်နေသော ပြည်တွင်းအဖွဲ့အစည်းများနှင့် ပုံမှန်တွေ့ဆုံ၍ရွေးကောက်ပွဲဆိုင်ရာအခင်းအကျင်းများနှင့် ဒေသအလိုက်စိန်ခေါ်မှုများကို ထင်ဟပ်သည့် အကူအညီအထောက်အပံ့ရေးအစီအစဉ်များဆောင်ရွက်ရန်။

ရွေးကောက်ပွဲပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့

၁။ MYNFREL

၂။ Rainmaker

၃။ ငြိမ်းချမ်းမျှတ လူမှုအဖွဲ့အစည်း (PJM)

၄။ ဒါနရှေ့ဆောင် မြန်မာ (COM)

၅။ ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျု (PANDITA)

၆။ ဖန်တီးအိမ်လူမှုအဖွဲ့အစည်း (Creative Home)

၇။ မြန်မာနိုင်ငံ မသန်စွမ်းသူများရှေ့ဆောင်အဖွဲ့ (MILI)

၈။ မြန်မာလူငယ်များစွမ်းဆောင်ရည်မြှင့်တင်ရေးကွန်ရက်

(MYCBN)

၉။ ယုံကြည်ရသောရွေးကောက်ပွဲများပေါ်ပေါက်ရေးပူးပေါင်း

ဆောင်ရွက်မှုအဖွဲ့ (PACE)

၁၀။ ရောင်ခြည်သစ် (YCT)

၁၁။ လူထုရပိုင်ခွင့် ညှိနှိုင်းဖော်ဆောင်ရေးအဖွဲ့ (C.A.N-Myanmar)

၁၂။ အောက်ချင်းလူမှုအဖွဲ့အစည်း (Hornbill Organization)

အဖွဲ့နောက်ခံအကျဉ်း

ရွေးကောက်ပွဲမူဘောင်ပြုပြင်ပြောင်းလဲရေးပူးပေါင်းဆောင်ရွက်မှုအဖွဲ့ (ERCB) သည် မြန်မာနိုင်ငံတွင် လွတ်လပ်ပြီးတရားမျှတသော ရွေးကောက်ပွဲများ ပေါ်ပေါက်လာစေရေးနှင့် ယင်းပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်များ ပိုမိုအရှိန်မြှင့်အားကောင်းလာစေရေးအတွက် လွတ်လပ်ပြီး အမှီအခိုကင်းသည့် အစိုးရမဟုတ်သော ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများစုဖွဲ့ထားသည့် ယန္တရားတစ်ခုဖြစ်သည်။ ၂၀၁၆ ခုနှစ်တွင် စတင်စုစည်းခဲ့ပြီး လက်ရှိတွင်အဖွဲ့ဝင် ၁၂ ဖွဲ့ပါဝင်ပြီး ရွေးကောက်ပွဲဥပဒေမူဘောင် ပြုပြင်ပြောင်းလဲမှုများကို ပူးပေါင်း ဆောင်ရွက်လျှက်ိရှသည်။

 

အသေးစိတ်ထပ်မံသိရှိလိုပါက

ရွှေရည်ဝင်း (အမှုဆောင်ဒါရိုက်တာ- ငြိမ်းချမ်းမျှတလူမှုအဖွဲ့အစည်း-PJM)

၀၉၉၇၉၀၃၇၀၈၇၊ [email protected]

ချမ်းသာကျော် (အမှုဆောင်ဒါရိုက်တာ- ပဏ္ဍိတဖွံ့ဖြိုးရေးအင်စတီကျူ)

၀၉၇၈၅၀၈၇၂၃၄၊ [email protected]