skip to Main Content
အစိုးရသက်တမ်းဝက်ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်

အစိုးရသက်တမ်းဝက်ဆောင်ရွက်ချက်အပေါ် နိုင်ငံသားများ၏ သဘောထားအမြင်

အစီရင်ခံစာအပြည့်အစုံရယူရန်

မြန်မာနိုင်ငံ၏ ဒီမိုကရေစီ
ဒီမိုကရေစီ၏ အဓိကလက္ခဏာရပ် (၃) ခုကို မေးမြန်းရာ တစ်ခုမှ ဖြေဆိုနိုင်ခြင်းမရှိသူမှာ နိုင်ငံသားများ၏ ထက်ဝက်ကျော် (၅၇%)ခန့်ရှိသည်ကို တွေ့ရပါသည်။ ဖြေဆိုကြသည့် လက္ခဏာရပ်များအနက် ငြိမ်းချမ်းရေးဟု ဖြေကြားမှု အများဆုံး (၁၇%) ဖြစ်သည်။

နိုင်ငံရေးတွင် စိတ်ပါဝင်စားမှု၊ လူအချင်းချင်းအကြားယုံကြည်မှုနှင့် အများပြည်သူဆိုင်ရာလှုပ်ရှားမှုများ၊ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွင်ပါဝင်မှု
နိုင်ငံသားများ၏ သုံးပုံတစ်ပုံအထက် (၃၈%) ခန့်က နိုင်ငံရေးကို စိတ်ပါဝင်စားမှုရှိသည်ဟု ဖြေဆိုကြပါသည်။
ယေဘုယျအားဖြင့် မြန်မာ့လူ့အဖွဲ့အစည်းတွင်း လူအချင်းချင်းအကြားယုံကြည်မှုမှာ အလွန်နည်းသည်ဟု ဆိုနိုင်ပါသည်။ လူအများစု (၇၇%)က လူများသည် မယုံကြည်ရဟု ဆိုကြပါသည်။
နိုင်ငံသားများ၏ ထက်ဝက်ခန့် (၅၅%) က အများပြည်သူဆိုင်ရာ လှုပ်ရှားမှုများတွင် ယမန်နှစ်အတွင်းပါဝင်ခဲ့သည်ဟု ဖြေဆိုကာ ၄၅% က နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု ဖြေဆိုကြပါသည်။

အစိုးရ၏ဆောင်ရွက်ချက်များအပေါ် အမြင်သဘောထား
နိုင်ငံသားများ၏ ထက်ဝက်ခန့်က နိုင်ငံသားအခွင့်အရေးနှင့် နိုင်ငံရေးအခွင့်အရေးများမှာ ယခင် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ အစိုးရလက်ထက်နှင့် နှိုင်းယှဉ်ပါက ပိုမိုကောင်းမွန်လာသည်ဟု ဖြေဆိုကြပါသည်။ သို့သော်လည်း ငြိမ်းချမ်းရေးနှင့် ပဋိပက္ခနှင့် ပတ်သက်၍မူ နိုင်ငံသားများ၏ ထက်ဝက်အောက်ကသာ ပိုမိုကောင်းမွန်လာသည်ဟု ဖြေဆိုကြပါသည်။

နိုင်ငံရေးပြုပြင်ပြောင်းလဲမှုအပေါ်မျှော်မှန်းချက်များ
နိုင်ငံသားများ၏ ထက်ဝက်ခန့်က တိုင်းဒေသကြီးနှင့် ပြည်နယ်များ၏ ဝန်ကြီးချုပ်များကို နိုင်ငံသားများက တိုက်ရိုက်ရွေးချယ်သင့်သည်ဟု ဆိုကြပါသည်။ သို့သော်လည်း နိုင်ငံသားများ၏ ၂၇%ကသာ တိုင်းဒေသကြီးနှင့် ပြည်နယ်အစိုးရများကို အာဏာပိုပေးသင့်သည်ဟုဆိုကြပြီး ၂၁% က ပြည်ထောင်စုအစိုးရနှင့် တိုင်းဒေသကြီး/ပြည်နယ်အစိုးရများအကြား လုပ်ပိုင်ခွင့်အာဏာကို ယခုအတိုင်းဆက်လက်ထားရှိသင့်သည်ဟု ဆိုကြပါသည်။
နိုင်ငံသားများ၏ ထက်ဝက်အောက်ခန့် (၄၂%) က နိုင်ငံရေးတွင် အမျိုးသားများက အမျိုးသမီးများထက် ပိုမိုပါဝင်သင့်သည်ဟု ဖြေဆိုပြီး ၃၁% ကမူ အမျိုးသားနှင့် အမျိုးသမီးတန်းတူပါဝင်သင့်သည်ဟု ဆိုကြပါသည်။
ပြည်ထောင်စုအဆင့်လွှတ်တော်များရှိ တပ်မတော်သားကိုယ်စားလှယ်များ၏ အရေအတွက်ကို ယခုအရေအတွက်အတိုင်း ထားသင့်သည် သို့မဟုတ် ထပ်မံတိုးသင့်သည်ဟု နိုင်ငံသားများ၏ သုံးပုံတစ်ပုံ (၃၅%) ခန့်က ဆိုကြပါသည်။ အလားတူရာခိုင်နှုန်း (၃၂%) ကမူ တပ်မတော်သားကိုယ်စားလှယ်များ၏ အရေအတွက်ကို လျှော့ချသင့်သည် သို့မဟုတ် လုံးဝမရှိသင့်ဟု ဖြေဆိုကြပါသည်။

အဂတိလိုက်စားမှု
နိုင်ငံသားအများစုက အဂတိလိုက်စားမှုသည် ကိုယ်ကျင့်တရားအရ မှားယွင်းပြီး လူ့အဖွဲ့အစည်းကို ထိခိုက်စေသည်ဟု ယုံကြည်ကြပါသည်။ လက်မှတ်ရေးထိုးတောင်းဆိုခြင်း၊ ဆန္ဒထုတ်ဖော်ပွဲ/ဆန္ဒပြပွဲများတွင်ပါဝင်ခြင်း၊ အဂတိလိုက်စားမှုများကို သတင်းပေးပို့ခြင်း၊ အဂတိလိုက်စားမှု တိုက်ဖျက်ရေးအဖွဲ့အစည်းများတွင် ပါဝင်ဆောင်ရွက်ခြင်းနှင့် လာဘ်ပေးရန်ငြင်းဆန်ခြင်း၊ စသည်တို့ဖြင့် အဂတိလိုက်စားမှုတိုက်ဖျက်ရေးတွင် ပါဝင်ဆောင်ရွက်မည်ဟု နိုင်ငံသားများ၏ ထက်ဝက်ခန့်က ဆိုကြပါသည်။

 

Back To Top