skip to Main Content
ရွေးကောက်ပွဲအပေါ်လူထုသဘောထားအမြင်နှင့် အစိုးရအသစ်အပေါ်မျှော်မှန်းချက်များ

ရွေးကောက်ပွဲအပေါ်လူထုသဘောထားအမြင်နှင့် အစိုးရအသစ်အပေါ်မျှော်မှန်းချက်များ

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်၏ စာရင်းဇယားများအရ မြန်မာနိုင်ငံ၏ ၂၀၁၅ ရွေးကောက်ပွဲများတွင် ပြည်သူလူထု ၆၉ ရာခိုင်နှုန်း မဲပေးခဲ့ကြပါသည်။ အတိတ်ကာလမှ ရွေးကောက်ပွဲများနှင့် နှိုင်းယှဉ်ကြည့်လျှင် နိုင်ငံသားများအနေဖြင့် ရွေးကောက်ပွဲဖြစ်စဉ်အတွင်း ပါဝင်ဆောင်ရွက်နိုင်ရန် နည်းလမ်းသစ်များရှာဖွေသည့် လက္ခဏာတစ်ရပ်အနေဖြင့် လူပေါင်းတစ်သောင်းကျော်သည် ရွေးကောက်ပွဲကျင်းပသည့်ရက်ကို စောင့်ကြည့်လေ့လာရန် နေရာအနှံ့သို့ သွားရောက်ခဲ့ကြသည့်အပြင် အဖွဲ့အစည်းပေါင်းများစွာသည်လည်း မဲဆန္ဒရှင်ပညာပေးရေးလုပ်ငန်းများကို စီစဉ်ဆောင်ရွက်ခဲ့ကြပါသည်။ ပြည်သူလူထုသည် ရွေးကောက်ပွဲရလဒ်များကို ယေဘုယျအားဖြင့် လက်ခံခဲ့ကြသော်လည်း အခြေခံဥပဒေနှင့်ပတ်သက်သည့် ဆွေးနွေးငြင်းခုံမှုများ၊ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်နှင့်ပတ်သက်ပြီး စေ့စပ်ညှိနှိုင်းမှုများနှင့် နိုင်ငံ၏ ဒီမိုကရေစီယဉ်ကျေးမှုတို့အပါအဝင် နိုင်ငံရေးအသွင်ကူးပြောင်းမှုကာလအတွင်း စိန်ခေါ်မှုပေါင်းများစွာ ကျန်ရှိနေဆဲဖြစ်ပါသည်။
အရပ်သားအစိုးရသစ်သည် များစွာသော ပြုပြင်ပြောင်းလဲမှုများမှ တစ်ဆင့် ဒီမိုကရေစီသို့ ကူးပြောင်းမှုကို ကတိကဝတ်ပြုခဲသည့်အတွက် အစိုးရ၊ လွှတ်တော်၊ အရပ်ဘက်အဖွဲ့အစည်းများနှင့် အခြားသက်ဆိုင်သူများသည် ဒီမိုကရေစီ၊ ရွေးကောက်ပွဲများနှင့် အစိုးရနှင့်ပတ်သက်သော အများပြည်သူ၏ သဘောထားများ၊ ထင်မြင်ယူဆချက်များ၊ မျှော်မှန်းချက်များနှင့် ဗဟုသုတများကို နားလည်သဘောပေါက်ရန်မှာ အရေးကြီးလှပါသည်။ ၂၀၁၆ မေလတွင် PACE သည် ဒီမိုကရေစီ၊ ရွေးကောက်ပွဲနှင့် ပတ်သက်၍ ပြည်သူများ၏ သဘောထားများနှင့် ထင်မြင်ယူဆချက်များ၊ ရွေးကောက်ပွဲဆိုင်ရာပြုပြင်ပြောင်းလဲမှုအတွက် ဦးစားပေးဆောင်ရွက်ရမည့် ကိစ္စများအပေါ် ဗဟုသုတနှင့်အမြင်များ၊ နိုင်ငံရေးအဖွဲ့အစည်းများ၊ အင်စတီကျူးရှင်းများနှင့် အသစ်ရွေးချယ်ထားသူများအပေါ် သိမြင်နားလည်ထားမှုနှင့် မျှော်မှန်းချက်များကို တိုင်းတာရန်အတွက် ရွေးကောက်ပွဲလွန်ကာလ သဘောထားစစ်တမ်းတစ်ခုကို တစ်နိုင်ငံလုံး အတိုင်းအတာဖြင့် ကောက်ယူရန် စီစဉ်လုပ်ဆောင်ခဲ့ပါသည်။
လူအများစုသည် နိုင်ငံရေးကို စိတ်ပါဝင်စားကြပြီး ပြီးခဲ့သည့်ရွေးကောက်ပွဲ၌ ပါဝင်ခဲ့ကြသော်လည်း စစ်တမ်းရလဒ်များက ပြသနေသည်မှာ လူ့အဖွဲ့အစည်းအတွင်း အထူးသဖြင့် အမျိုးသမီးများ၊ လူငယ်များနှင့် ပြည်နယ်များတွင် နေထိုင်ကြသည့် ပြည်သူများအကြားတွင် နိုင်ငံသားနှင့်သက်ဆိုင်သော အထွေထွေဗဟုသုတနှင့် ပတ်သက်ပြီးကွာဟမှုတစ်ခု ရှိနေဆဲပင် ဖြစ်ပါသည်။ အများပြည်သူ၏ သိမြင်နားလည်မှုကို မြှင့်တင်ရန်အတွက် နိုင်ငံသားအသိပညာဆိုင်ရာပညာပေးရေးအစီအစဉ်များကို အစိုးရနှင့် သက်ဆိုင်သောလုပ်ငန်းဆောင်တာများ၊ လွှတ်တော်ကိုယ်စားလှယ်များ၏ အခန်းကဏ္ဍ၊ နိုင်ငံသားများ၏ အခန်းကဏ္ဍ၊ ရွေးကောက်ပွဲများနှင့် မြန်မာနိုင်ငံအတွင်းရှိ အမျိုးမျိုးသော နိုင်ငံရေးဆိုင်ရာ အင်စတီကျူးရှင်းများနှင့် ပတ်သက်ပြီး အာရုံစိုက်လုပ်ဆောင်သင့်ပါသည်။

 

အစီရင်ခံစာအပြည့်အစုံဒေါင်းလုဒ်ရယူရန်

Back To Top