skip to Main Content
၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကနဦးအစီရင်ခံစာ

၂၀၁၉ ခုနှစ် ရန်ကုန်မြို့တော်စည်ပင်သာယာရွေးကောက်ပွဲစောင့်ကြည့်လေ့လာမှုကနဦးအစီရင်ခံစာ

ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ | ဧပြီလ ၁ ရက်၊ ၂၀၁၉ ခုနှစ်

 

တွေ့ရှိချက် အကျဉ်း
၂၀၁၉ ခုနှစ် မတ်လ ၃၁ ရက်တွင် ရန်ကုန်မြို့တော်စည်ပင်သာယာ နယ်နမိတ်ဖြစ်သည့် မြို့နယ် ၃၃ မြို့နယ်တွင် ရန်ကုန်မြို့တော် စည်ပင်သာယာရေး ကော်မတီအဆင့်ဆင့်အတွက် ပထမဦးဆုံးအကြိမ်အဖြစ် နိုင်ငံသားတိုင်း မဲပေးခွင့်ရသည့် ရွေးကောက်ပွဲကို ကျင်းပခဲ့ပါသည်။ ရွေးကောက်ပွဲဆိုင်ရာ ဒီမိုကရေစီစံနှုန်းတစ်ခုဖြစ်သည့် နိုင်ငံသားအားလုံးပါဝင်ခွင့်ရရှိရေးကို အကောင်အထည် ဖော်နိုင်ခဲ့သည့်အတွက် ရန်ကုန်တိုင်းဒေသကြီးလွှတ်တော်နှင့် တိုင်းဒေသကြီးအစိုးရတို့၏ ကြိုးပမ်းမှုကို အသိအမှတ်ပြုပါသည်။
ယေဘုယျအားဖြင့် မဲရုံအခင်းအကျင်း၊ မဲပေးခြင်းနှင့် မဲရေတွက်ခြင်းစသည့် ရွေးကောက်ပွဲနေ့ဖြစ်စဉ်မှာ အဆင်ပြေချောမွေ့သည်ဟု ဆိုနိုင်ပါသည်။ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) ၏ စောင့်ကြည့်လေ့လာသူများအနေဖြင့်လည်း မဲရုံခင်းကျင်းပြင်ဆင် ခြင်းမှ စတင်၍ မဲရလဒ်များစုပေါင်းခြင်း စသည့်ရွေးကောက်ပွဲဖြစ်စဉ်တစ်ခုလုံးကို စောင့်ကြည့်လေ့လာခွင့်ရရှိခဲ့ပါသည်။ မဲရုံအများစု တွင် မဲရုံတာဝန်ရှိသူများနှင့် မဲပေးရာတွင် လိုအပ်သည့် ပစ္စည်းများရှိကြပြီး မဲပေးခြင်းကို အချိန်မီ စတင်နိုင်ခဲ့ကြပါသည်။ ပါတီများမှ ဝင်ရောက်ယှဉ်ပြိုင်သည့် ကိုယ်စားလှယ်လောင်း၏ ကိုယ်စားလှယ်များနှင့် အခြားကိုယ်စားလှယ်လောင်းများ၏ ကိုယ်စားလှယ်များ ကလည်း မဲရုံများနှင့် မဲရလဒ်များ စုပေါင်းသည့် နေရာများတွင် လာရောက်ကြည့်ရှုကြသည်ကို တွေ့ရပါသည်။ ခြိမ်းခြောက်မှုနှင့် အခြား စီမံခန့်ခွဲမှုဆိုင်ရာ အားနည်းချက်အနည်းငယ်ကိုသာ တွေ့ရှိရပါသည်။ မဲရေတွက်ခြင်းဖြစ်စဉ်မှာလည်း ပွင့်လင်းမြင်သာမှုရှိပြီး လုပ်ထုံး လုပ်နည်းများမှာ တသမတ်တည်း ဖြစ်သည်ကိုတွေ့ရပါသည်။
သို့သော်လည်း မဲဆန္ဒရှင်များ၏ လက်ချောင်းများတွင် မင်တို့ထားခြင်း ရှိ/မရှိနှင့် လိုအပ်သည့်သက်သေခံစာရွက်စာတမ်းများ (မှတ်ပုံတင်၊ မဲဆန္ဒရှင်ကတ်ပြား) စစ်ဆေးခြင်း စသည့် ရွေးကောက်ပွဲနေ့ စီမံခန့်ခွဲခြင်းဆိုင်ရာ လုပ်ထုံးလုပ်နည်းများတွင် အားနည်းချက်များနှင့် လိုအပ် ချက်များ ရှိနေသေးသည်ကိုတွေ့ရသည်။ ထို့ပြင် မဲဆန္ဒရှင်စာရင်းတွင် အားနည်းချက်များရှိနေသေးသည်ကိုလည်း တွေ့ရပါသည်။ အဓိကအားဖြင့် မဲစာရင်းတွင် အမည်မပါသဖြင့် မဲရုံမှလှည့်ပြန်သွားရသည့် မဲဆန္ဒရှင်များရှိသည်ကို မဲရုံများ၏ ထက်ဝက်ခန့်တွင် တွေ့ရှိ ရပါသည်။ မဲဆန္ဒရှင်များ၏ မဲပေးပိုင်ခွင့်ဆုံရှုံးမှုမရှိစေရန်မှာ အထူးသဖြင့် မဲလာပေးသူနည်းပါးသည့် ယခုရွေးကောက်ပွဲတွင် အရေးကြီး သည့် ကိစ္စတစ်ခုဖြစ်ပါသည်။

 

အစီရင်ခံစာအပြည့်အစုံဒေါင်းလုဒ်ရယူရန်

Back To Top