skip to Main Content
၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်

၂၀၂၀ ခုနှစ်အတွက် နိုင်ငံသားများ၏ နိုင်ငံရေးမျှော်မှန်းချက်

ယခုကျင်းပနေသည့် လွှတ်တော်များ၏ သက်တမ်းသည် ၂၀၂၁ ခုနှစ် ဇန်နဝါရီလ ၃၁ ရက်တွင် ကုန်ဆုံးမည်ဖြစ်ရာ နောက်လွှတ်တော်သက်တမ်းအတွက် အထွေထွေရွေးကောက်ပွဲကို ၂၀၂၀ ခုနှစ်နှောင်းပိုင်းလောက်တွင် ကျင်းပလိမ့်မည်ဟု မျှော်လင့်ရပါသည်။ လက်ရှိ ရွေးကောက်ပွဲ ဥပဒေမူဘောင်အရဆိုလျှင် လာမည့် အထွေထွေရွေးကောက်ပွဲသည်လည်း ဒီမိုကရေစီစံနှုန်းများနှင့် ပိုမိုညီညွတ်မှုရှိလာစေရန် ပြုပြင်ပြောင်းလဲမှုများလိုအပ်နေပါသေးသည်။ ဥပမာအားဖြင့် ရွေးကောက်ပွဲကျင်းပမည့်ရက်စွဲနှင့် အချိန်စာရင်းအပါအဝင် ရွေးကောက်ပွဲဆိုင်ရာ သတင်းအချက်အလက်များကို အများပြည်သူ အလွယ်တကူသိရှိ လက်လှမ်းမီနိုင်ရေးနှင့် ပွင့်လင်းမြင်သာမှု၊ ရွေးကောက်ပွဲဖြစ်စဉ်အတွင်း နိုင်ငံသားများ ပါဝင်ဆောင်ရွက်နိုင်ခွင့် အထူးသဖြင့် စောင့်ကြည့်လေ့လာခွင့်ကို ဥပဒေအရ အကာအကွယ်ပေးမှု၊ ကော်မရှင်၏ လွတ်လပ်၍ အမှီအခိုကင်းမှု၊ မဲဆွယ်စည်းရုံးရေးဆိုင်ရာ လုပ်ထုံးလုပ်နည်းများနှင့် ရွေးကောက်ပွဲအသုံးစရိတ်နှင့် ရန်ပုံငွေဆိုင်ရာလုပ်ထုံးလုပ်နည်းများ ပိုမိုတိကျစွာ အသေးစိတ်ပြဋ္ဌာန်းမှု၊ မဲဆန္ဒရှင်စာရင်းမှန်ကန်တိကျမှု၊ ကြိုတင်မဲပေးခြင်းလုပ်ငန်းစဉ်များကို ပြန်လည်သုံးသပ်ပြင်ဆင်ပြီး စောင့်ကြည့်လေ့လာသူများ၊ နိုင်ငံရေးပါတီကိုယ်စားလှယ်များနှင့် သတင်းမီဒီယာတို့အနေဖြင့် စောင့်ကြည့်လေ့လာခွင့် စသည့်နယ်ပယ်များကို ပြုပြင်ပြောင်းလဲမှုများ ဆောင်ရွက်နိုင်မှသာ ရွေးကောက်ပွဲဖြစ်စဉ်တွင် ဒီမိုကရေစီစံနှုန်းများကို အာမခံချက်ပေးနိုင်မည်ဖြစ်သည်။

လာမည့် ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲသည် အကြောင်းအချက်များစွာကြောင့် မြန်မာနိုင်ငံ၏ နိုင်ငံရေးပြုပြင်ပြောင်းလဲမှု ဖြစ်စဉ်အတွင်း နောက်ထပ်အရေးကြီးသည့် နိုင်ငံရေးအချိုးအကွေ့ တစ်ခုလည်းဖြစ်သည်။ ပထမအချက်မှာ လာမည့်ရွေးကောက်ပွဲသည် ဆယ်စုနှစ်သုံးခုကြာ အတိုက်အခံအဖြစ်ရပ်တည်ခဲ့ပြီး အစိုးရဖြစ်လာသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ အနေဖြင့် ပထမဦးဆုံးအကြိမ်ကျင်းပရမည့် အထွေထွေရွေးကောက်ပွဲလည်း ဖြစ်ပါသည်။ လာမည့်အထွေထွေရွေးကောက်ပွဲကို အောင်မြင်စွာကျင်းပနိုင်ရေးသည် မြန်မာနိုင်ငံ၏ ဒီမိုကရေစီအသွင်ကူးပြောင်းမှုအတွက် အရေးကြီးသည့် နိုင်ငံရေးခြေလှမ်းတစ်ခုပင်ဖြစ်ပါသည်။ လတ်တလောတွင်လည်း ပြည်နယ်အခြေစိုက် တိုင်းရင်းသားပါတီများ ပါတီတစ်ခုတည်းအဖြစ် ပေါင်းစည်းလာခြင်း၊ အခြားထင်ရှားသည့် နိုင်ငံရေးဦးဆောင်လှုပ်ရှားသူများကလည်း ပါတီများတည်ထောင်လာခြင်းတို့ကို တွေ့မြင်နေရပါသည်။ ဤအချက်ကို ကြည့်ခြင်းဖြင့် နိုင်ငံရေးဦးဆောင်လှုပ်ရှားသူများအကြားတွင် ရွေးကောက်ပွဲကို အာဏာရယူရန် အတွက် တရားဝင်နည်းလမ်းတစ်ခုအဖြစ် လက်ခံမှု ပိုမိုများပြားလာပြီဟု ဆိုနိုင်ပါသည်။ တစ်ဆက်တည်းမှာပင် အာာဏာရပါတီဖြစ်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီ၏ ပါတီခေါင်းဆောင် ၂ ဦးဖြစ်သည့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် နှင့် နိုင်ငံတော် သမ္မတ ဦးဝင်းမြင့်တို့ကလည်း ၂၀၂၀ ခုနှစ်​ အထွေထွေရွေးကောက်ပွဲတွင် ဝင်ရောက်ယှဉ်ပြိုင်မည်ဟု ကြေညာလိုက်သည်ကို သတင်းမီဒီယာများတွင် တွေ့ရပါသည်။ ဤအခြေအနေများကြောင့်လည်း လာမည့် ၂၀၂၀ခုနှစ် အထွေထွေရွေးကောက်ပွဲများမှာ ယခင် ကျင်းပခဲ့သည့်ရွေးကောက်ပွဲ ၂ ခုနှင့် နှိုင်းယှဉ်ပါက ယှဉ်ပြိုင်မှုပိုမို ပြင်းထန်မည့် ရွေးကောက်ပွဲတစ်ခုဖြစ်နိုင်ပါသည်။

ယခုစစ်တမ်းမှာ လာမည့် အထွေထွေရွေးကောက်ပွဲနှင့် အများဆုံးပတ်သက်ဆက်စပ်နေသည့် စစ်တမ်းတစ်စောင်ဖြစ်သော်လည်း မည်သည့်ပါတီကို မဲပေးမည်၊ မည်သည့်ကိုယ်စားလှယ်လောင်းကို မဲပေးမည်ဆိုသည့် အကြောင်းအရာများကို မေးမြန်းမှုများ ပြုလုပ်ထားခြင်း မဟုတ်ပါ။ လက်ရှိမြန်မာနိုင်ငံ၏ ယေဘုယျအခြေအနေ၊ လွှတ်တော်နှင့် လွှတ်တော် ကိုယ်စားလှယ်များ၏ ဆောင်ရွက်ချက်များနှင့် ၎င်းတို့အပေါ်မျှော်မှန်းချက်များ၊ ပါတီများအပေါ်သဘောထားနှင့် မျှော်မှန်းချက်များ၊ ရွေးကောက်ပွဲတွင် မဲပေးလိုစိတ်၊ ကိုယ်စားလှယ်လောင်းများအပေါ် မျှော်မှန်းချက်များ စသည်တို့ကို ပိုမို ဦးစားပေးမေးမြန်းထားပါသည်။ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) အနေဖြင့် ကျပန်းနည်းစနစ်ဖြင့် ကောက်ယူရမည့် စစ်တမ်းနေရာနမူနာများကိုရွေးထုတ်ကာ ပြည်နယ်နှင့် တိုင်းဒေသကြီး ၁၄ ခုစလုံးတွင် စစ်တမ်းကောက်ယူခဲ့ခြင်းဖြစ်ပါသည်။ ထို့ပြင် တိုင်းဒေသကြီးများနှင့် ပြည်နယ်များအကြား သဘောထားအမြင်ကွာခြားမှုကိုသိရှိနိုင်ရန်အတွက် ပြည်နယ်များတွင် တွေ့ဆုံမေးမြန်းမှုအရေအတွက်ကို ပိုမိုပြုလုပ်ခဲ့ပါသည်။

နိုင်ငံ၏ အခြားနေရာဒေသများနှင့် နှိုင်းယှဉ်ပါက ရန်ကုန်မြို့တော်၏ လူမှု-စီးပွားအခြေအနေမှာ သိသိသာသာကွာခြားမှုရှိသည့်အတွက် ရန်ကုန်မြို့တော်ရှိ နိုင်ငံသားများ၏ အမြင်သဘောထားများကို သီးခြားဆန်းစစ်လေ့လာမှုပြုလုပ်နိုင်ရန် ရန်ကုန်မြို့တော် စည်ပင်သာယာနယ်နမိတ်အတွင်းရှိ မြိုနယ် ၃၃ ခုတွင် တွေ့ဆုံမေးမြန်းမှု အရေအတွက်ကို ပိုမိုပြုလုပ်ခဲ့ပါသည်။ ထို့အပြင် ရှမ်းပြည်နယ်ကိုလည်း လူဦးရေ၊ တိုင်းရင်းသားလူမျိုးကွဲပြားခြားနားမှု၊ လူမှု-စီးပွားနှင့် နိုင်ငံရေးကွဲပြားမှုတို့မှာ အခြားပြည်နယ်နှင့် တိုင်းဒေသကြီးတို့နှင့် ကွာခြားမှုရှိနေသောကြောင့် ရှမ်းပြည်နယ်တွင်းရှိ နိုင်ငံသားများ၏ သဘောထားအမြင်များကို သီးခြားဆန်း စစ်လေ့လာနိုင်ရန်အတွက် တွေ့ဆုံမေးမြန်းမှုအရေအတွက်ကို ပိုမိုပြုလုပ်ထားပါသည်။ သို့သော်လည်း လုံခြုံရေးနှင့် လက်နက်ကိုင် ပဋိပက္ခများကြောင့် မိုင်းမောမြို့နယ်၊ ပန်ဆန်း (ပန်ခမ်း) မြို့နယ်၊ ပန်ဝိုင်မြို့နယ်၊ နားဖန်းမြို့နယ် နှင့် မိုင်းလားမြို့နယ်များကို ထည့်သွင်းနိုင်ခဲ့ခြင်းမရှိသည့် အပြင် အခြားနေရာ ၃၅ နေရာများတွင်လည်း လုံခြုံရေးအရ သွားရောက် စစ်တမ်းကောက် ယူနိုင်ခဲ့ခြင်းမရှိပါ။ ထိုသို့သော အားနည်းချက်ရှိနေသော်လည်း ဆန်းစစ်လေ့လာမှုများမှာ ရှမ်းပြည်နယ်အစိုးရအဖွဲ့၊ ရှမ်းပြည်နယ်အတွင်းရှိ နိုင်ငံရေးပါတီများ၊ အရပ်ဘက်လူမှုအဖွဲ့အစည်းများနှင့် အခြားသော စိတ်ပါဝင်စားသူများအတွက် အတိုင်းအတာတစ်ခုအထိ အကျိုးရှိမည်ဟု ထင်မြင်ယူဆသောကြောင့် ရှမ်းပြည်နယ်နှင့် ပတ်သက်သည့် သီးခြားဆန်းစစ်လေ့လာမှုကို ထည့်သွင်း ဖော်ပြထားပါသည်။ သို့သော်လည်း သဘောထားအမြင်ဆန်းစစ်ချက်ကို အသုံးပြုရာတွင် အချက်အလက်များကောက်ယူမှုနှင့် ပတ်သက်သည့် အားနည်းချက်များ၊ အကန့်အသတ်များကို သတိထားရန်လိုအပ်သည်။

 

အစီရင်ခံစာအပြည့်အစုံဒေါင်းလုဒ်ရယူရန်

Back To Top