PACE အဖွဲ့အနေဖြင့် နိုင်ငံသားများ၏ ဒီမိုကရေစီမျှော်မှန်းချက်နှင့် ပတ်သက်ပြီး သဘောထားအမြင်စစ်တမ်းကောက်ယူမှုတစ်ခုကို ၂၀၁၇ ခုနှစ် နိုဝင်ဘာလ ၅ ရက်မှ ၁၁ ရက်အထိ တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ပြုလုပ်ခဲ့သည်။ စစ်တမ်းကောက်ယူမှုကို နိုင်ငံတကာသုတေသနလုပ်ငန်းများတွင် ကျင့်သုံးနေသည့် စာရင်းအင်းနည်းပညာကို အသုံးပြု၍ စနစ်တကျ လေ့ကျင့်ထားသည့် PACE အဖွဲ့စစ်တမ်းကောက်ယူသူ ၃၄၃ ဦးက မြို့နယ်ပေါင်း ၂၅၄ ခုတွင် မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းမှု စုစုပေါင်း ၂၈၀၈ ခုကို ပြုလုပ်ခဲ့ပါသည်။ စစ်တမ်းကောက်ယူရခြင်း၏ အဓိကရည်ရွယ်ချက်မှာ မြန်မာနိုင်ငံ၏ နိုင်ငံရေးအသွင်ကူးပြောင်းမှုတွင် ပါဝင် ပတ်သက်နေကြသူများအနေဖြင့် နိုင်ငံသားများ၏ ပကတိအခြေအနေမှန်ကို သိမြင်ကာ နိုင်ငံသားများ၏ အမှန်တကယ်လိုအပ် ချက်များနှင့် ကိုက်ညီသည့် မူဝါဒများ၊ စီမံကိန်းများကို အကောင်အထည်ဖော်နိုင်ဆောင်ရွက်သွား နိုင်ရန်ဖြစ်သည်။ သို့မှသာ နိုင်ငံ ရေးဖြစ်စဉ်များတွင် နိုင်ငံသားများ၏ ပါဝင်မှုကို မြှင့်တင်နိုင်ရုံသာမက ရွေးကောက်ခံအစိုးရ၏ တာဝန်ခံမှုကိုပါ မြှင့်တင်နိုင်ပြီး ဒီမိုကရေစီစနစ်သို့ မှန်မှန်ကန်ကန် အသွင်ကူးပြောင်းသွားနိုင်မည်ဖြစ်သည်။

အများပြည်သူဆိုင်ရာလှုပ်ရှားမှုများတွင်ပါဝင်ဆောင်ရွက်မှု

လူမှုထောက်ကူပြုအသင်းအဖွဲ့အစည်းများ၊ လုပ်ငန်းခွင်ဆိုင်ရာ/အလုပ်နှင့်ပတ်သက်သည့်အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စုပေါင်းကိုယ်လက်လှုပ်ရှားအဖွဲ့အစည်းများစသည့် အများပြည်သူဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက် မှုမြင့်မားခြင်းသည် လူ့အဖွဲ့အစည်းအတွင်း လူမှုအရင်းအနှီး (လူတစ်ဦးနှင့်တစ်ဦးအကြားယုံကြည်မှုနှင့် လူမှုကွန်ရက်) မြင့်မားနေ ခြင်း၏အဓိကသင်္ကေတပင် ဖြစ်သည်။ ဤလူမှုအရင်းအနှီးသည် လူ့အဖွဲ့အစည်းအတွင်း ဒီမိုကရေစီစံနှုန်းများထွန်းကားပြန့်ပွား လာရေးနှင့် ဒီမိုကရေစီအင်စတီကျူးရှင်းများ ခိုင်မာအားကောင်းလာရေးတို့အတွက် အခြေခံအကျဆုံးသောတန်ဖိုးလည်း ဖြစ်သည်။ အာဏာရှင်အုပ်စိုးမှုကို ရာစုနှစ်ဝက်ကျော်ခံခဲ့ရပြီး နိုင်ငံရေးအသွင်ကူးပြောင်းမှုကို ပြုလုပ်နေသော မြန်မာနိုင်ငံအတွက် အများ ပြည်သူဆိုင်ရာလှုပ်ရှားမှုများနှင့် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွင် နိုင်ငံသားများပါဝင်ဆောင်ရွက်လာရေးမှာ အလွန်ပင် အရေး ကြီးပါသည်။ ထို့ကြောင့်လည်း PACE အဖွဲ့အနေဖြင့် ၂၀၁၅ ခုနှစ်မှ စတင်ကာ အများပြည်သူဆိုင်ရာကိစ္စများတွင် နိုင်ငံသားများ၏ ပါဝင်မှု အတိုင်းအတာကို လေ့လာဆန်းစစ်မှုများပြုလုပ်ခဲ့ပါသည်။ ယခုစစ်တမ်းတွင်လည်း တွေ့ဆုံမေးမြန်းခဲ့သူများကို ၎င်းတို့အနေဖြင့် ယမန်နှစ်အတွင်း လူမှုအထောက်အကူပြု အသင်းအဖွဲ့အစည်းများ၊ လုပ်ငန်းခွင်/အလုပ်နှင့်ပတ်သက်သော အဖွဲ့အစည်းများ၊ ယဉ်ကျေးမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စုပေါင်းကိုယ်လက်လှုပ်ရှားအားကစားအဖွဲ့အစည်းများစသည့် အများပြည်သူဆိုင်ရာ လှုပ်ရှားမှုများတွင် ပါဝင်ခဲ့ပါသလားဟု မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူ သုံးပုံတစ်ပုံအောက်ကသာ ပါဝင်ဆောင်ရွက်ခဲ့ပါသည်ဟု ဖြေဆိုပါသည်။ ထို့အပြင် လူအများစုအနေဖြင့် လူမှုအထောက်အကူဆိုင်ရာအဖွဲ့အစည်းများတွင် ပါဝင်မှုပိုမိုများပြားကြသည်ကို တွေ့ရသည်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်မှု

ရွေးကောက်ပွဲများတွင် မဲပေးခြင်းသည် နိုင်ငံသားများ၏ နိုင်ငံရေးတွင် ပါဝင်ဆောင်ရွက်သည့် အခြေခံအကျဆုံးသောလှုပ်ရှားမှု တစ်ခုဖြစ်သည်။ သို့သော်လည်း ရွေးကောက်တင်မြှောက်ထားသည့် အစိုးရတစ်ရပ်အနေဖြင့် အများပြည်သူအပေါ် တာဝန်ခံလာ ရေးနှင့် အပ်နှင်းထားသည့်အာဏာများကို အလွဲသုံးစားမှုပြုလုပ်ခြင်းမှ တာဆီးနိုင်ရေးတို့အတွက် နိုင်ငံသားများအနေဖြင့် ပိုမို ကျယ်ပြန့်သည့် အခြားနိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်ကြရရန် လိုအပ်သည်။ အထူးသဖြင့် မြန်မာနိုင်ငံကဲ့သို့ နိုင်ငံရေး အသွင်ကူးပြောင်းမှုကို ဆောင်ရွက်နေသော နိုင်ငံတွင် နိုင်ငံသားများအတွက် နိုင်ငံရေးလှုပ်ရှားမှုများတွင် ပါဝင်ခွင့်ရရန် လုံလောက်သော အခွင့်အလမ်း၊ လုပ်ပိုင်ခွင့်နှင့် "ခွင်/နေရာ" များရရှိရေးမှာ အထူးပင်အရေးကြီးလှပါသည်။ သို့ဖြစ်ပါ၍ ပြီးခဲ့သည့်နှစ်အတွင်း နိုင်ငံရေးလှုပ်ရှားမှုများ၌ နိုင်ငံသားများ၏ ပါဝင်ဆောင်ရွက်ခဲ့မှုအတိုင်းအတာနှင့် အခွင့်အလမ်းတို့ကိုမေးမြန်းခဲ့ပါသည်။ PACE အဖွဲ့က ၎င်းတို့အနေဖြင့် ယခင်နှစ်အတွင်း ရပ်ရွာ ပြဿနာများအတွက် စုဝေးဆွေးနွေးပွဲများ၊ အစိုးရအဖွဲ့ဝင် (သို့) ရွေးကောက်ခံ ကိုယ်စားလှယ်များနှင့် အစည်းအဝေးပွဲများ၊ ပြည်သူ့နီတိသင်တန်းများ၊ လက်မှတ်ရေးထိုးတောင်းဆိုမှုများနှင့် ဆန္ဒထုတ်ဖော်ပွဲ ဆန္ဒပြပွဲများတွင် ပါဝင်လှုပ်ရှားဆောင်ရွက်ခဲ့ပါသလားဟု မေးမြန်းခဲ့ပါသည်။ ထို့ပြင် ပါဝင်မှုမရှိခဲ့ပါဟုဖြေဆိုသူများကို မည်သည့် အကြောင်းများကြောင့် ပါဝင်ဆောင်ရွက်မှု မပြုလုပ်ခဲ့သည်ကို သိရှိနိုင်ရန်မေးမြန်းခဲ့ပါသည်။ ရပ်/ရွာ ပြဿနာဆိုင်ရာ အစည်းအဝေးပွဲများကို တက်ရောက်ခဲ့ပါသည်ဟု ဖြေဆိုသူ ၂၉ % မှလွဲ၍ လေးပုံတစ်ပုံအောက် (၅% မှ ၂၂ %)ကသာ နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများတွင်ပါဝင်ခဲ့သည်ဟု ဖြေဆိုကြပါသည်။ အမျိုးသားနှင့် နှိုင်းယှဉ်ပါက အမျိုးသမီးများ၏ နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်မှုက ပိုမိုနည်းပါးသည်ကိုတွေ့ရသည်။ ကျေးလက်နှင့် မြို့ပြ နှိုင်းယှဉ်ပါက ကျေးလက်ဒေသရှိ ဖြေဆိုသူများသည် ရပ်/ရွာပြဿနာဆိုင်ရာအစည်းအဝေးပွဲများ၊ အစိုးရနှင့် ရွေးကောက်ခံကိုယ်စားလှယ်များနှင့် အစည်းအဝေးပွဲ များတွင် ပါဝင်မှုမှာ မြို့ပြဖြေဆိုသူများထက် ပိုမိုများပြားသည်ကိုတွေ့ရပါသည်။

 

နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများတွင် မပါဝင်ဖြစ်ခဲ့ရသည့် အကြောင်းအရင်းများ

ထို့နောက် PACE အဖွဲ့က လှုပ်ရှားမှုများတွင် မပါဝင်ခဲ့ပါဟု ဖြေဆိုခဲ့သူများကို မပါဝင်ဖြစ်ခဲ့ရသည့် အကြောင်းအရင်းများကို ဆက်လက်မေးမြန်းရာ အဓိကအကြောင်းအရင်းများမှာ ၎င်းတို့၏ဒေသတွင် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများမရှိခြင်း (သို့မဟုတ်) မအားလပ်ခြင်း (သို့မဟုတ်) စိတ်ပါဝင်စားမှု မရှိခြင်း တို့ဖြစ်ကြသည်။ စိတ်ပါဝင်စားမှုမရှိခြင်း၊ မအားလပ်ခြင်းစသည့် အဖြေများကို အခြေခံ၍ ခြုံငုံသုံးသပ်ရပါက နိုင်ငံရေးဆိုင်ရာ လှုပ်ရှားမှုများတွင် မပါဝင်ဖြစ်ရသည့် အဓိကအကျဆုံးအကြောင်းအရင်းမှာ စိတ် ပါဝင်စားမှုအားနည်းခြင်းပင် ဖြစ်သည်။ အခြားအရေးကြီးသည့် အကြောင်းအရင်းတစ်ရပ်မှာ ပါဝင်ရန်အခွင့်အလမ်းမရရှိ ခဲ့ခြင်းပင် ဖြစ်သည်။ များသောအားဖြင့် ၎င်းတို့ဒေသတွင် နိုင်ငံရေးဆိုင်ရာလှုပ်ရှားမှုများ မရှိခြင်း (သို့မဟုတ်) လှုပ်ရှားမှုများတွင် ပါဝင်ရန် ဖိတ်ကြားမခံရခြင်းတို့ပင် ဖြစ်သည်။ အိမ်ထောင်ဦးစီး မဟုတ်သဖြင့် ပါဝင်ဆောင်ရွက်ခွင့်မရခဲ့ခြင်းဖြစ်သည်ဆိုသည့် အကြောင်းပြ ချက်ကို အမျိုးသမီးများက ပိုမိုဖြေဆိုသည်ကို တွေ့ရပါသည်။ ဤအချက်ကို ထောက်ရှုခြင်းအားဖြင့် အမျိုးသမီးများ၏ နိုင်ငံရေး တွင် ပါဝင်မှုမှာ နိုင်ငံသားအခွင့်အရေးဆိုင်ရာ ပြဿနာမဟုတ်ဘဲ မိသားစုဆိုင်ရာပြဿနာသာ ဖြစ်သည်ကို တွေ့ရပါသည်။

ရွေးကောက်ပွဲများတွင် နိုင်ငံသားတိုင်းပါဝင်ခွင့်ရရေးဆိုသည့်အချက်မှာ ဒီမိုကရက်တစ် ရွေးကောက်ပွဲများ၏ အဓိကစည်းမျဉ်း တစ်ခု ဖြစ်သည့်အလျောက် မဲပေးခွင့်ရှိသူနိုင်ငံသားတိုင်း ရွေးကောက်ပွဲနေ့တွင် အမှန်တကယ် မဲပေးခွင့်ရရှိရန်မှာ ရွေးကောက်ပွဲကို စီမံခန့်ခွဲသည့်အဖွဲ့အစည်းများ၊ နိုင်ငံရေးပါတီများနှင့် အရပ်ဘက်အဖွဲ့အစည်းများအပါအဝင် ရွေးကောက်ပွဲတွင် ပါဝင်ပတ်သက်နေ သူများအားလုံးအတွက် အလွန်ပင် အရေးကြီးပါသည်။ ထို့ကြောင့် နိုင်ငံသားများအနေဖြင့် ဆန္ဒမဲပေးမှုနှင့် ပတ်သက်ပြီး ဥပဒေ မူဘောင်များနှင့်ပတ်သက်၍သော်လည်းကောင်း၊ စီမံခန့်ခွဲမှုနှင့်ပတ်သက်၍သော်လည်းကောင်း အတားအဆီးများ စိုးရိမ်မှုများ ရှိ/ မရှိကိုသိရှိရန် PACE အဖွဲ့က မြန်မာနိုင်ငံရှိ ၁၈ နှစ်နှင့်အထက် နိုင်ငံသားများကို အကယ်၍ လာမည့် စနေ၊တနင်္ဂနွေ ရုံးပိတ်ရက်တွင် အထွေထွေရွေးကောက်ပွဲများနှင့် ဒေသဆိုင်ရာရွေးကောက်ပွဲများရှိပါက မဲပေးခွင့် ရ/မရကို တွေ့ဆုံမေးမြန်းခဲ့ပါသည်။ နိုင်ငံသား အများအများစု (၈၅% ကျော်) က ၎င်းတို့အနေဖြင့် ရွေးကောက်ပွဲများတွင် မဲပေးခွင့်ရမည်ဟု ထင်မြင်ကြောင်းတုံ့ပြန်ခဲ့ကြပါသည်။ မဲပေးခွင့် ရ/မရ အမြင်နှင့်ပတ်သက်၍ အမျိုးသားနှင့် အမျိုးသမီးအကြား၊ တိုင်းဒေသကြီးနှင့် ပြည်နယ်၊ မြို့ပြနှင့် ကျေးလက်ဒေသအကြား ခြားနားမှု မရှိသည်ကို တွေ့ရပါသည်။

မဲပေးခွင့်မရနိုင်ဟု ဖြေဆိုသူအချို့၏ အဓိကအကြောင်းအရင်းများမှာ စိတ်ပါဝင်စားမှုမရှိခြင်း၊ စီမံခန့်ခွဲမှုဆိုင်ရာ အတားအဆီးများ ဖြစ်သည့် နိုင်ငံသားစိစစ်ရေးကတ်ပြားမရှိခြင်း၊ မဲဆန္ဒရှင်စာရင်းမှန်ကန်တိကျမှုမရှိခြင်းတို့နှင့် ဥပဒေမူဘောင်ဆိုင်ရာ အတားအဆီး ဖြစ်သည့် မဲဆန္ဒရှင်အရည်အချင်းနှင့် ပြည့်စုံမှုမရှိခြင်းတို့ပင် ဖြစ်သည်။ လက်ရှိပြဋ္ဌာန်းထားသည့် ရပ်ကွက်/ကျေးရွာအုပ်စု အုပ်ချုပ် ရေး ဥပဒေအရ အိမ်ထောင်စုတစ်ခုလျှင် ကိုယ်စားလှယ်တစ်ဦးသာ မဲပေးခွင့်ရသော်လည်း နိုင်ငံသားအများစုက ၎င်းတို့အနေဖြင့် အထွေထွေရွေးကောက်ပွဲများကဲ့သို့ပင် ရပ်ကွက်/ကျေးအုပ်စု အုပ်ချုပ်ရေးမှူးရွေးကောက်ပွဲများတွင် ပါဝင်မဲပေးခွင့်ရမည်ဟု မျှော်လင့်ထားကြသည်ကို တွေ့ရသည်။

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသည့် ပြဿနာများ

မူဝါဒများရေးဆွဲရာတွင် နိုင်ငံသားများပါဝင်မှုသည် ကောင်းမွန်သော အုပ်ချုပ်မှုအတွက် အလေ့အကျင့်ကောင်း တစ်ခုဖြစ်သည့် အလျောက် မြန်မာနိုင်ငံ၏ ရွေးကောက်ခံအစိုးအရအနေဖြင့် ပြည်သူ့ရေးရာမူဝါဒများနှင့် ပြည်သူ့စီမံကိန်းများ အကောင်အထည် ဖော်ရာတွင် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ဒေသဆိုင်ရာအဆင့်အလိုက် နိုင်ငံသားများ၏ စိုးရိမ်ပူပန်မှုများနှင့် ဦးစားပေးပြဿနာ များကို ထည့်သွင်းစဉ်းစားရန်မှာ အလွန်အရေးကြီးပါသည်။ PACE အဖွဲ့၏ စစ်တမ်းကောက်ယူသူများက မြန်မာနိုင်ငံအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသည့် အဓိကပြဿနာများကိုမေးမြန်းရာ ဖြေဆိုသူအများစုက ငြိမ်းချမ်းရေး၊ ပဋိပက္ခ တို့နှင့် သက်ဆိုင်သည့်ကိစ္စများမှာ ဦးစားပေးဖြေရှင်းရမည့် ပြဿနာများဖြစ်ပြီး စီးပွားရေး၊ အစိုးရဝန်ဆောင်မှုနှင့်၊ တရားဥပဒေ စိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေးတို့နှင့် ဆက်စပ်သည့်ကိစ္စများကို တစ်နိုင်ငံလုံးအတိုင်းအတာဖြင့် ထပ်မံဖြေရှင်းရမည့် ဦးစား ပေး ပြဿနာများဖြစ်သည်ဟု ဖြေဆိုကြပါသည်။ သဘာဝပတ်ဝန်းကျင်ဆိုင်ရာကိစ္စရပ်များနှင့် အခြေခံဥပဒေပြုပြင်ပြောင်းလဲရေး ဆိုင်ရာကိစ္စများမှာ ဖြေဆိုမှုအနည်းဆုံးပင် ဖြစ်သည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များမှ ဖြေဆိုသူများက ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၊ စီးပွားရေးမူဝါဒများ၊ အခြေခံအဆောက်အအုံနှင့်၊ ဘာသာရေးနှင့်လူမျိုးရေးပဋိပက္ခစသည့်ကိစ္စများကို တနိုင်ငံလုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးပြဿနာများ အဖြစ် အမြင်သဘောထား တူညီကြသည်ကိုတွေ့ရပါသည်။ သို့သော် တိုင်းဒေသကြီးများမှ ဖြေဆိုသူများက နေထိုင်စရိတ်နှင့် ပတ်သက်သည့်ကိစ္စများကို ဦးစားပေးပြဿနာအဖြစ် ထည့်သွင်းထားသော်လည်း ပြည်နယ်များမှ ဖြေဆိုသူများကမူ ပညာရေး ဆိုင်ရာကိစ္စများကို ဦးစားပေးပြဿနာအဖြစ် ထည့်သွင်း ဖြေဆိုထားသည်ကို တွေ့ရပါသည်။

 

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးကိစ္စ ၅ ခု
တိုင်းဒေသကြီးငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၂၅%ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၂၇%
စီးပွားရေးဆိုင်ရာမူဝါဒများ၁၆%စီးပွားရေးဆိုင်ရာမူဝါဒများ၁၆%
အခြေခံအဆောက်အအုံ/လမ်းတံတား၁၂%ပညာရေး၁၄%
ကုန်ဈေးနှုန်း/နေထိုင်စရိတ်၁၁%အခြေခံအဆောက်အအုံ/လမ်းတံတား၁၂%
ဘာသာရေးနှင့်လူမျိုးရေးတင်းမာမှု၈%ဘာသာရေးနှင့်လူမျိုးရေးတင်းမာမှု၁၀%

နိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးသောကိစ္စများ (တိုင်းဒေသကြီးနှင့် ပြည်နယ် နှိုင်းယှဉ်မှု)

 

တစ်နိုင်ငံလုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးကိစ္စ ၅ ခု
မြို့ပြ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၂၈%ကျေးလက်ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၂၅%
စီးပွားရေးဆိုင်ရာမူဝါဒများ၁၉%စီးပွားရေးဆိုင်ရာမူဝါဒများ၁၄%
ကုန်ဈေးနှုန်း/နေထိုင်စရိတ်၁၄%အခြေခံအဆောက်အအုံ/လမ်းတံတား၁၄%
ဘာသာရေးနှင့်လူမျိုးရေးတင်းမာမှု၁၀%ပညာရေး၉%
ရခိုင်ပြည်နယ် အရေးကိစ္စ၁၀%ဘာသာရေးနှင့်လူမျိုးရေးတင်းမာမှု၉%

နိုင်ငံတစ်ဝှမ်းလုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးသောကိစ္စများ (မြို့ပြနှင့် ကျေးလက် နှိုင်းယှဉ်မှု)

 

ဒေသဆိုင်ရာအဆင့်တွင် ရင်ဆိုင်နေရသည့် ပြဿနာများ

ထို့နောက် PACE အဖွဲ့ စစ်တမ်းကောက်ယူသူများက ဒေသဆိုင်ရာအဆင့်တွင် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးပြဿနာများနှင့် ပတ်သက်၍ ဆက်လက်မေးမြန်းရာ အစိုးရ၏ဝန်ဆောင်မှုနှင့် အခြေခံအဆောက်အအုံနှင့်၊ စီးပွားရေးဆိုင်ရာကိစ္စရပ်များမှာ ဖြေဆို မှု အများဆုံးပြဿနာများ ဖြစ်ကြပြီး ဥပဒေစိုးမိုးရေးနှင့် တည်ငြိမ်အေးချမ်းရေး၊ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခတို့မှာ ဖြေဆိုမှုဒုတိယ အများဆုံး ဖြစ်ကြပါသည်။ သဘာဝပတ်ဝန်းကျင်နှင့် အခြေခံဥပဒေ ပြုပြင်ပြောင်းလဲရေးဆိုင်ရာကိစ္စတို့မှာ ဖြေဆိုမှု အနည်းဆုံး ကိစ္စရပ်များ ဖြစ်ကြပါသည်။

ဒေသတွင်း ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးကိစ္စ ၅ ခု
တိုင်းဒေသကြီးငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၂၅%ပြည်နယ်ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၂၇%
စီးပွားရေးဆိုင်ရာမူဝါဒများ၁၆%စီးပွားရေးဆိုင်ရာမူဝါဒများ၁၆%
အခြေခံအဆောက်အအုံ/လမ်းတံတား၁၂%ပညာရေး၁၄%
ကုန်ဈေးနှုန်း/နေထိုင်စရိတ်၁၁%အခြေခံအဆောက်အအုံ/လမ်းတံတား၁၂%
ဘာသာရေးနှင့်လူမျိုးရေးတင်းမာမှု၈%ဘာသာရေးနှင့်လူမျိုးရေးတင်းမာမှု၁၀%

 

ဒေသတွင်းရင်ဆိုင်နေရသည့် အရေးအကြီးဆုံးသောကိစ္စများ (တိုင်းဒေသကြီးနှင့် ပြည်နယ် နှိုင်းယှဉ်မှု)

 

ဒေသအလိုက် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးကိစ္စ ၅ ခု
မြို့ပြ ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၂၈%ကျေးလက်ငြိမ်းချမ်းရေးနှင့် ပဋိပက္ခ၂၅%
စီးပွားရေးဆိုင်ရာမူဝါဒများ၁၉%စီးပွားရေးဆိုင်ရာမူဝါဒများ၁၄%
ကုန်ဈေးနှုန်း/နေထိုင်စရိတ်၁၄%အခြေခံအဆောက်အအုံ/လမ်းတံတား၁၄%
ဘာသာရေးနှင့်လူမျိုးရေးတင်းမာမှု၁၀%ပညာရေး၉%
ရခိုင်ပြည်နယ် အရေးကိစ္စ၁၀%ဘာသာရေးနှင့်လူမျိုးရေးတင်းမာမှု၉%

ဒေသတွင်း ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးသောကိစ္စများ (မြို့ပြနှင့် ကျေးလက် နှိုင်းယှဉ်မှု)

 

တိုင်းဒေသကြီးနှင့် ပြည်နယ်ကို နှိုင်းယှဉ်ပါက ပြည်နယ်မှ ဖြေဆိုသူများက တိုင်းဒေသကြီးမှ ဖြေဆိုသူများထက် ငြိမ်းချမ်းရေးနှင့် ပဋိပက္ခဆိုင်ရာကိစ္စများကို အဓိကဦးစားပေး ပြဿနာများအဖြစ် ဖြေဆိုမှု ပိုမိုများပြားသည်မှအပ အခြားကွာခြားမှု ကြီးကြီးမားမား မတွေ့ရပါ။ မြို့ပြနှင့် ကျေးလက်နှိုင်းယှဉ်ပါက မြို့ပြဒေသမှ ဖြေဆိုသူများက ရာဇဝတ်မှု၊ လုံခြုံရေးနှင့် နေထိုင်စရိတ်ဆိုင်ရာကိစ္စများကို အလေးပေးဖြေဆိုကြပြီး ကျေးလက်ဒေသမှ ဖြေဆိုသူများကမူ လျှပ်စစ်မီး၊ ပညာရေးနှင့် ကျန်းမာရေးစောင့်ရှောက်မှုဆိုင်ရာကိစ္စများကို အလေးပေးပြီး ဖြေဆိုကြပါသည်။

လွှတ်တော်ကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်

ရွေးကောက်ခံကိုယ်စားလှယ်များ၏ လုပ်ငန်းစွမ်းဆောင်ရည်နှင့်ပတ်သက်ပြီး အကဲဖြတ်ခြင်းနှင့် သဘောထားအမြင်ပေးခြင်းတို့မှာ နောင်ရွေးကောက်ပွဲမတိုင်မီအချိန်အထိ ပြည်သူလူထုနှင့် မဲဆန္ဒနယ်အပေါ် ရွေးကောက်ခံကိုယ်စားလှယ်၏တာဝန်ခံမှုကို မြင့်မား စေသည့် အဓိကနည်းလမ်းတစ်ခုပင် ဖြစ်သည်။ သို့ဖြစ်ပါ၍ PACE အဖွဲ့က ဖြေဆိုသူများကို ၎င်းတို့၏မဲဆန္ဒနယ်မှ ပြည်သူ့ လွှတ်တော်ကိုယ်စားလှယ်များကို အောက်တွင် ဖော်ပြထားသည့် တာဝန်အသီးသီးအလိုက် ၎င်းတို့၏ လုပ်ငန်းစွမ်းဆောင်ရည်ကို အကဲဖြတ်အမှတ်ပေးနိုင်ရန် "၁" သည် အလွန်ညံ့ပါသည်၊ "၅" သည် အလွန်ကောင်းပါသည် စသည်ဖြင့် အဆင့်သတ်မှတ်ပေးရန် တွေ့ဆုံမေးမြန်းမှု ပြုလုပ်ခဲ့ပါသည်။

၁။ လွှတ်တော်တွင် ပါဝင်ဆွေးနွေးမှု 

၂။ ဥပဒေကြမ်းတင်သွင်းမှု 

၃။ အခြားပါတီမှ အမတ်များနှင့် ပူးပေါင်းဆောင်ရွက်မှု 

၄။ အုပ်ချုပ်ရေးကဏ္ဍမှ တာဝန်ရှိသူများကို မေးခွန်းမေးမြန်းမှု 

၅။ မဲဆန္ဒနယ်သို့ သွားရောက်မှု 

၆။ မဲဆန္ဒနယ် ဖွံ့ဖြိုးတိုးတက်ရေး

ဖြေဆိုသူ လေးပုံတစ်ပုံအောက်က အထက်ပါ လုပ်ငန်းတာဝန်များကို ဆောင်ရွက်မှုနှင့်ပတ်သက်ပြီး “ကောင်းပါသည်” ဟု ဖြေဆိုကြ ပါသည်။ အလားတူပင် လေးပုံတစ်ပုံအောက်က “ညံ့ပါသည်" ဟု သဘောထားပေးသည်ကို တွေ့ရပါသည်။ သို့သော်လည်း လူအများစုက ၎င်းတို့၏လွှတ်တော်ကိုယ်စားလှယ်ကို မည်သို့အကဲဖြတ်ရမည်ကို “မသိပါ" ဟု ဖြေဆိုကြပါသည်။ ယေဘုယျအားဖြင့် ပြည်နယ်မှ ဖြေဆိုသူများက တိုင်းဒေသကြီးမှ ဖြေဆိုသူများလောက် ၎င်းတို့၏ လွှတ်တော်ကိုယ်စားလှယ်များ ကို စိတ်ကျေနပ်မှုမရှိကြသည်ကို တွေ့ရပါသည်။

ထို့နောက် PACE အဖွဲ့က ဖြေဆိုသူများကို ၎င်းတို့၏မျှော်မှန်းချက်များအတိုင်း ဖြစ်လာစေရန် လွှတ်တော်ကိုယ်စားလှယ်များ အနေဖြင့် မည်သည့်ကဏ္ဍများတွင် ပိုမိုကောင်းမွန်အောင် ဆောင်ရွက်ရန်လိုအပ်သနည်းဟု ဆက်လက်မေးမြန်းပါသည်။ တိုင်း ဒေသကြီးနှင့် ပြည်နယ်နှစ်ခုစလုံးတွင် လွှတ်တော်ကိုယ်စားလှယ်များအနေဖြင့် ၎င်းတို့၏ ဒေသဆိုင်ရာပြဿနာများကို ပိုမိုနားလည်အောင် ဆောင်ရွက်ရန် လိုအပ်ကြောင်းကို အများဆုံးဖြေဆိုကြသည်ကို တွေ့ရပါသည်။ ထို့နောက် တစ်နိုင်ငံလုံးနှင့် ပတ်သက်သည့် ပြဿနာများ၊ နိုင်ငံသားများကို သတင်းဆက်သွယ်ပြန်ကြားမှု၊ မဲဆန္ဒနယ်သို့သွားရောက်ခြင်းနှင့် ဥပဒေပြုခြင်းဆိုင်ရာကိစ္စများကို ဆက်လက်ဖြေဆိုကြသည်ကို တွေ့ရပါသည်။ ဖြေဆိုသူများ၏တုံ့ပြန်မှုနှင့်ပတ်သက်၍ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား ကြီးမားသည့် ကွာဟချက်မရှိသည်ကို တွေ့ရပါသည်။

အစိုးရ၏ လုပ်ငန်းစွမ်းဆောင်ရည်

အစိုးရအနေဖြင့် တစ်နိုင်ငံလုံးအတိုင်းအတာနှင့် လက်ရှိတွင် ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးပြဿနာများကို ဖြေရှင်းနေသည် ဆိုသည့်အချက်အပေါ် သဘောထားအမြင်ကို PACE အဖွဲ့ကမေးမြန်းရာ သုံးပုံတစ်ပုံကျော်ခန့် (၃၈%) ကအစိုးရအနေဖြင့် တစ်နိုင်ငံ လုံးအတိုင်းအတာနှင့် ရင်ဆိုင်နေရသည့် ပြဿနာများကို ဖြေရှင်းနေသည်ဆိုသည့် အချက်ကို သဘောတူကြပါသည်။ ပြည်နယ်မှ ဖြေဆိုသူများက တိုင်းဒေသကြီးမှ ဖြေဆိုသူများလောက် ယင်းအချက်ကို သဘောတူညီမှု မများသည်ကိုတွေ့ရပါသည်။ ဆက်လက်ပြီး PACE အဖွဲ့က လက်ရှိတွင် အစိုးရအနေဖြင့် ဒေသဆိုင်ရာအဆင့်တွင်ရင်ဆိုင်နေရသည့် အရေးအကြီးဆုံးပြဿနာ များကို ဖြေရှင်းနေသည်ဆိုသည်အချက်အပေါ် မည်မျှသဘောတူပါသလဲဟု မေးမြန်းရာ ဖြေဆိုသူ သုံးပုံတစ်ပုံအောက်ကသာ ယင်းအချက်ကို သဘောတူသည်ဟု ဖြေဆိုပါသည်။ ပြည်နယ်များမှ ဖြေဆိုသူများက တိုင်းဒေသကြီးများမှ ဖြေဆိုသူများ လောက် သဘောတူညီမှု မရှိကြသည်ကို တွေ့ရပါသည်။

ထို့ပြင် PACE အဖွဲ့စစ်တမ်းကောက်ယူသူများက အစိုးရအနေဖြင့် အများပြည်သူနှင့် သက်ဆိုင်သည့် စီမံကိန်းများကို အကောင် အထည်ဖော်ရာတွင် ပွင့်လင်းမြင်သာမှုအတိုင်းအတာအပေါ် အမြင်သဘောထားကို မေးမြန်းရာ သုံးပုံတစ်ပုံအောက် (၂၉%) ကသာ ပွင့်လင်းမြင်သာမှုရှိသည်ဟု ဆိုကြသည်။ ပြည်နယ်မှဖြေဆိုသူအနည်းငယ် (၁၃%) ကသာ ယင်းအချက်ကို သဘောတူပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်ဆိုင်ရာလှုပ်ရှားမှုများနှင့်ပတ်သက်ပြီး သိရှိမှု

၂၀၁၆ ခုနှစ်တွင် အာဏာလွှဲပြောင်းလက်ခံပြီးနောက် အစိုးရအနေဖြင့်၂၀၁၇ ခုနှစ်ကို ငြိမ်းချမ်းရေးနှစ်အဖြစ်သတ်မှတ်ကြေညာခဲ့ပြီး ၂၁ ရာစု ပင်လုံညီလာခံနှင့် ဆက်စပ်နေသည့် ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများကို နိုင်ငံတစ်ဝန်းလုံး ကျင်းပဆောင်ရွက်ခဲ့ပါသည်။ PACE အဖွဲ့က ဖြေဆိုသူများကို အစိုးရက ဦးဆောင်ပြီး လူထုတွေ့ဆုံဆွေးနွေးပွဲများ၊ အလုပ်ရုံဆွေးနွေးပွဲများ၊ အစည်းအဝေးများနှင့် တွေ့ဆုံဆွေးနွေးပွဲများပြုလုပ်ကာ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်များကို အကောင်အထည်ဖော်ဆောင်ရွက်နေမှုအပေါ် သိရှိမှု ရှိ/မရှိ မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူတစ်ဝက်ကျော် (၅၆%) က ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများကို သိရှိပါသည်ဟု ဖြေဆိုပါသည်။ အဆိုပါငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများကို အမျိုးသားများ (၆၂%)၊ တိုင်းဒေသကြီး (၆၀%) နှင့် မြို့ပြ (၇၁%) တို့မှ ဖြေဆိုသူများက ပိုမိုသိရှိကြပါသည်။

ငြိမ်းချမ်းရေးဖြစ်စဉ်အပေါ် သဘောထားအမြင်

ငြိမ်းချမ်းရေးဖြစ်စဉ်ကို သိရှိပါသည်ဟု ဖြေဆိုသူများကို PACE အဖွဲ့ က ဆက်လက်ပြီး ငြိမ်းချမ်းရေးဖြစ်စဉ်သည် မှန်ကန်သည့် လမ်းကြောင်းပေါ်တွင် ရှိနေသည် ထင်ပါသလားဟု မေးမြန်းရာ တစ်ဝက်ကျော် (၆၀%) က လမ်းကြောင်းမှန်ပေါ်တွင် ရှိနေသည်ဟု ထင်မြင်ကြပါသည်။ ဆက်လက်၍ ငြိမ်းချမ်းရေးဖြစ်စဉ်သည် နှေးလွန်းသည် (သို့မဟုတ်) မှန်ကန်သည့်နှုန်း (သို့မဟုတ်) မြန်လွန်းသည်ထင်ပါသလားဟု မေးမြန်းရာ တစ်ဝက်နီးပါး (၄၆%) က မှန်ကန်သည့်နှုန်းဖြင့် အကောင်အထည်ဖော်နေသည်ဟုဆိုပါသည်။ သို့သော် ပြည်နယ်မှ ဖြေဆိုသူများတွင် ငြိမ်းချမ်း ရေးဖြစ်စဉ်မှာ နှေးလွန်းသည်ဆိုသည့် ထင်မြင်ချက်ပိုမိုများသည်ကို တွေ့ရသည်။

ပြည်သူများ၏ အကျိုးစီးပွားကို ကိုယ်စားပြုနိုင်မှု

လက်ရှိငြိမ်းချမ်းရေးဖြစ်စဉ်တွင် အစိုးရ၊ တပ်မတော်၊ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့အစည်းများ၊ လွှတ်တော်၊ နိုင်ငံရေးပါတီ၊ ပြည်တွင်းအရပ်ဘက်အဖွဲ့အစည်းများနှင့် နိုင်ငံတကာအဖွဲ့အစည်းများစသည်ဖြင့် အသီးသီးပါဝင်ဆောင်ရွက်နေကြပါသည်။ PACE အဖွဲ့က ငြိမ်းချမ်းရေးဖြစ်စဉ်ကို သိရှိပါသည်ဟုဖြေဆိုသူများကို ယင်းဖြစ်စဉ်တွင်ပါဝင်ပတ်သက်နေသည့် အဖွဲ့အစည်းများတွင် မည်သည့်အဖွဲ့အစည်းက ၎င်းတို့ကို အကောင်းဆုံးကိုယ်စားပြုနေပါသလဲဟုမေးမြန်းရာ အများစု (၃၉%) က အစိုးရဟုဖြေဆိုပြီး ဖြေဆိုသူအချို့က တပ်မတော် (၁၅%)နှင့် လွှတ်တော် (၁၀%) ဖြစ်သည်ဟု ဖြေဆိုတုံ့ပြန်ကြပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ အခန်းကဏ္ဍ

ကျင်းပပြီးခဲ့သည့် ၂၁ ရာစုပင်လုံငြိမ်းချမ်းရေးဆွေးနွေးပွဲများတွင် အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ဖက်ဒရယ်စီးပွားရေး၊ ပြည်တွင်းရွှေ့ပြောင်းနေထိုင်ကြသူများအရေးနှင့်၊ မြေယာနှင့် သယံဇာတဆိုင်ရာအရေးကိစ္စရပ်များကိုသာ ပါဝင်ဆွေးနွေးခွင့်ရခဲ့ပါ သည်။ သို့ဖြစ်၍ PACE အဖွဲ့က ဖြေဆိုသူများကို အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကျန်ကိစ္စရပ်များဖြစ်သည့် ဖက်ဒရယ် နိုင်ငံရေးနှင့် တပ်မတော်အခန်းကဏ္ဍဆိုင်ရာကိစ္စရပ်များကို ဆွေးနွေးခွင့် ရသင့်/မရသင့်နှင့် ပတ်သက်၍ မေးမြန်းခဲ့ပါသည်။ ဖြေဆို သူ သုံးပုံ နှစ်ပုံခန့်က အရပ်ဘက်အဖွဲ့အစည်းများအနေဖြင့် ကျန်ကိစ္စရပ်များဖြစ်သည့် ဖက်ဒရယ်နိုင်ငံရေး (၆၄%) နှင့် တပ်မတော်၏ အခန်းကဏ္ဍ (၆၀%) ဆွေးနွေးခွင့်ရသင့်သည်ဟု ဖြေဆိုကြပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများကို သိရှိမှု

၂၀၁၂ ခုနှစ်မှစတင်၍ ငြိမ်းချမ်းရေးဖြစ်စဉ်တွင် ပြည်သူလူထုပါဝင်မှုနှင့် သိရှိမှုတို့ မြင့်မားလာစေရေးအတွက် အရပ်ဘက် အဖွဲ့ အစည်းများက အရေးကြီးသည့် အခန်းကဏ္ဍမှ ပါဝင်ဆောင်ရွက်ခဲ့ကြပါသည်။ ထို့ကြောင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ဆောင်ရွက်ချက်များ မည်သည့်အတိုင်းအတာအထိ ပျံ့နှံ့နေသည်ကို သိရှိပြီး နောင်တွင်ပြုလုပ်မည့် လှုပ်ရှားမှုများကို ပိုမိုစနစ်တကျ ဆောင်ရွက်နိုင်ရန်အတွက် ဖြေဆိုသူများကို ယမန်နှစ်အတွင်း ၎င်းတို့ဒေသတွင် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဆိုင်ရာ လှုပ်ရှားမှုများနှင့်ပတ်သက်၍ သိရှိမှုကို မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူ သုံးပုံတစ်ပုံခန့် (၃၄%) က ၎င်းတို့၏ဒေသတွင် မည်သည့် လှုပ်ရှားမှုကိုမှ မကြားသိကြောင်း ဖြေဆိုပါသည်။ ကြားသိသည့် လှုပ်ရှားမှုများအနက် လူထုတွေ့ဆုံပွဲ၊ ဆွေးနွေးပွဲများ (၁၃%)၊ လူထုထောက်ခံပွဲ/ဆုတောင်းပွဲ (၁၂%) နှင့် အသိပညာပေးဆိုင်ရာလှုပ်ရှားမှုများ (၁၀%) စသည့်လှုပ်ရှားမှုများကို သိရှိမှု ပိုမိုများပြားပါသည်။ မည်သည့်လှုပ်ရှားမှုမှ မရှိကြောင်းကို တိုင်းဒေသကြီးမှ ဖြေဆိုသူများက ပိုမိုဖြေဆိုကြပါသည်။

အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဆိုင်ရာလှုပ်ရှားမှုများတွင် ပါဝင်ဆောင်ရွက်မှု

နိုင်ငံသားများအနေဖြင့် အရပ်ဘက်အဖွဲ့အစည်းများ၏ ငြိမ်းချမ်းရေးဆိုင်ရာလှုပ်ရှားမှုများကို သိရှိမှုကိုသာမက ထိုလှုပ်ရှားမှုများ တွင် ၎င်းတို့ အမှန်တကယ်ပါဝင်ဆောင်ရွက်ခဲ့မှု ရှိ/မရှိကိုပါ မေးမြန်းခဲ့ပါသည်။ ဖြေဆိုသူအနည်းငယ် (၁၄%) က အဆိုပါ လှုပ်ရှားမှု များတွင် ပါဝင်ဆောင်ရွက်ခဲ့ကြသည်ဟု ဖြေဆိုခဲ့ပြီး လေးပုံတစ်ပုံအောက်ကသာ နောင်တစ်ချိန် အခွင့်အရေးရလျှင် ပါဝင် ဆောင်ရွက်ရန် ဆန္ဒရှိသည်ဟု ဆိုပါသည်။ နောင်တစ်ချိန်တွင် ပါဝင်ဆောင်ရွက်ရန် စိတ်ပါဝင်စားသူများအနေဖြင့် လူထု တွေ့ဆုံပွဲ၊ ဆွေးနွေးပွဲ (၁၈%၊ ပညာရေးဆိုင်ရာလှုပ်ရှားမှု (၁၈%)၊ နှင့် လူထုထောက်ခံပွဲ/ဆုတောင်းပွဲ (၁၅%) တို့တွင် ပါဝင်လိုမှု အများဆုံးဖြစ်ပြီး ယဉ်ကျေးမှုဆိုင်ရာ လှုပ်ရှားမှု (၁၁%) နှင့် သဘောထားအမြင်စစ်တမ်းကောက်ယူမှု (၁၀%) တို့မှာ ဒုတိယအများဆုံး ဖော်ပြသည့် လှုပ်ရှားမှုများ ဖြစ်ကြပါသည်။ တိုင်းဒေသကြီးနှင့် ပြည်နယ်များအကြား တစ်ခုတည်းသော ကြီးမားသည့်ကွာခြားချက်မှာ ပြည်နယ်များမှ ဖြေဆိုသူများက လူထုတွေ့ဆုံပွဲ/ဆွေးနွေးပွဲများတွင် ပါဝင်လိုမှု ပိုမိုများပြားခြင်းပင် ဖြစ်သည်။

PACE အဖွဲ့က ဖြေဆိုသူများကို လက်ရှိမြန်မာနိုင်ငံ၏ နိုင်ငံရေး အင်စတီကျူးရှင်းများအနေဖြင့် အရေးကြီးသည့် ဒီမိုကရေစီလုပ်ထုံး လုပ်နည်းများနှင့် တန်ဖိုးများကို အကာအကွယ်ပေးထားမှု ရှိ/မရှိနှင့် ပတ်သက်၍ မေးမြန်းခဲ့ပါသည်။ 

  • ဖြေဆိုသူ ၂၆ % က လက်ရှိအစိုးရမဏ္ဍိုင်သုံးရပ်သည် အပြန်အလှန်ထိန်းကြောင်းမှုများကို ဖြစ်စေသည်ဆိုသည့် အချက်ကို သဘောတူကြပါသည်။
  • ဖြေဆိုသူတစ်ဝက်နီးပါး (၄၂%) က လက်ရှိရွေးကောက်ပွဲများကြောင့် အစိုးရအနေဖြင့် ပြည်သူများကို ပိုမိုအလေးထားလာသည်ဆိုသည့်အချက်ကို သဘောတူကြပါသည်။ 
  • ဖြေဆိုသူ သုံးပုံတစ်ပုံအောက် (၃၁%) က မြန်မာနိုင်ငံ၏ လက်ရှိ တရားဥပဒေစိုးမိုးရေးသည် တရားမျှတမှုကို ဖြစ်စေသည်ဆိုသည့်အချက်ကို သဘောတူကြပါသည်။
  • ဖြေဆိုသူ သုံးပုံတစ်ပုံအောက် (၂၉%) က မြန်မာနိုင်ငံ၏ လက်ရှိသတင်းမီဒီယာလွတ်လပ်ခွင့်သည် မတူကွဲပြားသော အမြင်များ ရရှိစေသည် ဆိုသည့်အချက်ကို သဘောတူကြပါသည်။ 
  • ဖြေဆိုသူ သုံးပုံတစ်ပုံအထက် (၃၈%) က လက်ရှိဥပဒေအကာအကွယ်များသည် နိုင်ငံသားများအတွက် လွတ်လပ်စွာဝေဖန်ပြောဆိုခွင့်ရစေသည်ဆိုသည့်အချက်အပေါ် သဘောတူကြပါသည်။
  • ဖြေဆိုသူတစ်ဝက်နီးပါး (၄၀%) က လက်ရှိဥပဒေအကာအကွယ်များသည် နိုင်ငံသားများကို လွတ်လပ်စွာစုဝေးဆွေးနွေးခွင့် ရစေသည်ဆိုသည့်အချက်ကို သဘောတူကြပါသည်။
  • ဖြေဆိုသူ တစ်ဝက်နီးပါး (၄၆%) က လက်ရှိဒေသခံအာဏာပိုင်များ၏ နားလည်လက်ခံပေးနိုင်မှုသည် လွတ်လပ်စွာစုဝေး ဆွေးနွေးခွင့်ရစေသည်ဆိုသည့်အချက်ကို သဘောတူပါသည်။

ယေဘုယျအားဖြင့် ဖြေဆိုသူ လေးပုံတစ်ပုံမှ သုံးပုံတစ်ပုံက "မသိပါ" ဟုဖြေဆိုကြပါသည်။ တိုင်းဒေသကြီးများမှ ဖြေဆိုသူများနှင့် နှိုင်းယှဉ်ပါက ပြည်နယ်များမှ ဖြေဆိုသူများက လက်ရှိနိုင်ငံရေးအင်စတီကျူးရှင်းများသည် ဒီမိုကရက်တစ်လုပ်ထုံးလုပ်နည်း ယန္တရားများကို အာမခံချက်ပေးသည်ဆိုသည့်အချက်များနှင့် ပတ်သက်၍ သဘောတူညီမှု ပိုမိုနည်းပါးသည်ကိုတွေ့ရပါသည်။

Download PDF