၂၀၁၈ ခုနှစ် ကြားဖြတ်ရွေးကောက်ပွဲ မဲဆွယ်စည်းရုံးရေးကာလ စောင့်ကြည့်လေ့လာမှု ကနဦးအစီရင်ခံစာ

စက်တင်ဘာ ၃ ရက်မှစ၍ ရွေးကောက်ပွဲဆိုင်ရာပြည်သူ့လှုပ်ရှားမှုအဖွဲ့ (PACE) နှင့် ဖန်တီးအိမ် အဖွဲ့တို့မှ ကာလရှည်စောင့်ကြည့်​လေ့လာသူ ၁၂ ဦး ကို ကြားဖြတ်ရွေးကောက်ပွဲ ကျင်းပမည့် ဒေသများရှိ မဲဆွယ်စည်းရုံးရေးပတ်ဝန်းကျင်၏ အနေအထားများကို စောင့်ကြည့်လေ့လာစေခဲ့ပါသည်။ မဲဆွယ် စည်းရုံးရေးကာလ သီတင်း ၅ ပတ် အတွင်း PACE နှင့် ဖန်တီးအိမ်အဖွဲ့ တို့၏ ကာလရှည်စောင့်ကြည့်လေ့လာသူများ စောင့်ကြည့်လေ့လာခဲ့သည့် စုဝေး ဟောပြောမှုများနှင့် တွေ့ဆုံမေးမြန်းမှုများအရ စောင့်ကြည့်လေ့လာနေစဉ်ကာလအတွင်း ကိုယ်စားလှယ်လောင်းတစ်ဦးဦး ကအခြားကိုယ်စားလှယ် လောင်း နှင့် ပတ်သက်ပြီး ပုဂ္ဂိုလ်ရေးအပါ် အပုပ်ချပြောဆို မှု၊ အုံကြွအောင်ပြုလုပ်မှုများမရှိသော်လည်း လူမျိုးမတူမှုအပေါ်အခြေခံ၍ လှုံ့ဆော်ပြောဆိုမှု အနည်း ငယ် (၆ ခု) ရှိသည်ကိုတွေ့ရပါသည်။

ကော်မရှင်အဖွဲ့ခွဲများမှ တာဝန်ရှိသူများနှင့် မေးမြန်းရာတွင် တရားဝင်တိုင်ကြားမှု ၃ ခုရှိသည်ကို တွေ့ရပါသည်။ တိုင်ကြားမှုပြု လုပ်ခဲ့ရသည့် အကြောင်း အရင်းများမှာ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (USDP) နှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီတို့၏ မဲဆွယ်စည်းရုံးရေးပစ္စည်းများ ဖျက်ဆီးခံရမှုများ၊ NLD ပါတီ၏ မဲဆွယ် စည်းရုံးရေးတွင် နိုင်ငံတော် သမ္မတနှင့် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်တို့၏ ရုပ်ပုံများကို အသုံးပြုသည် ဟူသောစွပ်စွဲချက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးတစ်ဦးက ကိုယ်စားလှယ်လောင်း တစ်ဦးကို ပုဂ္ဂိုလ်ရေးအရ အပုပ်ချပြောဆိုမှုနှင့် နိုင်ငံပိုင်အရင်းအမြစ် များကို မဲဆွယ်စည်းရုံးရာတွင် သုံးစွဲခြင်း စသည်တို့ဖြစ်သည်။

မဲဆွယ်စည်းရုံးမှုပြုလုပ်ရာတွင် ကိုယ်စားလှယ်လောင်းများက အဓိကအားဖြင့် လက်ကမ်းစာစောင်များဝေငှခြင်း (၆၉%)၊ လူထုဟောပြောပွဲများ (၆၀%) နှင့် ပိုစတာများ ချိတ်ဆွဲခြင်း (၄၆ %) နည်းလမ်း များကို အသုံးပြုကြပါသည်။ တွေ့ဆုံမေးမြန်းခဲ့သည့် ကိုယ်စားလှယ်လောင်း ၄၃ ဦးတွင် အများစု ၃၃ ဦး က မဲဆွယ်စည်းရုံးရေး တာဝန်ခံများခန့်ထားသည်ဟုဖြေဆိုပြီး ခန့်ထားသူအားလုံးနီးပါးမှာ အမျိုးသားများသာဖြစ်ကြပြီး အမျိုးသမီးတာဝန်ခံမှာ ၂ ဦးသာ ရှိသည်ကိုတွေ့ရပါသည်။ စုဝေးဟောပြောမှုများကို များသောအားဖြင့် ပန်းခြံ၊ စျေးစသည့် အများနှင့် ဆိုင်သည့်နေရာများနှင့် ကိုယ်ပိုင်ရုံးခန်း/နေအိမ် များတွင် အများဆုံးပြုလုပ်လေ့ရှိပြီး ဘာသာရေးနှင့် သက်ဆိုင်သည့်နေရာများတွင်လည်း စုဝေးဟောပြောမှုရှိသည်ကို အနည်းငယ်တွေ့ ရှိရပါသည်။ အမျိုးသမီးများပါဝင်မှုကို မြှင့်တင်နိုင်ရန်အတွက် အဓိကထားသည့် မဲဆန္ဒရှင်အသိပညာပေးလုပ်ငန်းများကိုလည်း စောင့်ကြည့်လေ့လာခဲ့သော မြို့နယ် ၁၂ ခု အနက် ၄ မြို့နယ် ၌သာတွေ့ရှိရပါသည်။

PACEနှင့် ဖန်တီးအိမ် အဖွဲ့၏ ကာလရှည်စောင့်ကြည့်လေ့လာသူများသည် နိုဝင်ဘာလ ၂ ရက် အထိ ကျန်ရှိနေသည့် မဲဆွယ်စည်းရုံး ရေးကာလကို စောင့်ကြည့်လေ့လာမှုများ ဆက်လက်ပြုလုပ်သွားမည်ဖြစ်ပါသည်။

ဒေါင်းလုပ်ရယူရန်